ချစ်သူတွေကြားကမတူညီတဲ့အချက်တွေကို ဘယ်လိုလက်ခံပေးမလဲ

ချစ်သူစုံတွဲတွေကြားမှာ အများဆုံးကြုံတွေ့ရတဲ့ ပြသနာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အမူအကျင့်တွေကို လက်ခံပေးဖို့ တော်တော်ခေါင်းစားရတာပါပဲ။

ဥပမာ ကိုယ့်ရဲ့ချစ်သူက အင်မတန်သ၀န်တိုတတ်တဲ့ချစ်သူမျိုးဖြစ်နေရင် ကိုယ့်အတွက်စိတ်ကျဥ်းကြပ်အနေခက်မှာသေချာ ပါတယ်။အလားတူ အလေးအနက်မထားတတ်တဲ့ချစ်သူမျိုးဆိုရင်လည်း ဘယ်အရာမှတိုင်ပင်ဆွေးနွေးလို့မရလို့ စိတ်ပင်ပန်းရမှာအသေအချာပါပဲ။

တချို့စုံတွဲတွေအနေနဲ့ ချစ်ကြပေမယ့်လည်း နှစ်ယောက်ကြားကမတူညီတဲ့ ဒီလိုအချက်လေးတွေကို ညှိနှိုင်းအဖြေရှာပြီး လက်ခံဖို့ မကြိုးစားတဲ့အခါ နောက်ဆုံးမှာ လက်တွဲဖြုတ်နှုတ်ဆက်ရတဲ့အဖြစ်တွေက ရင်နာစရာကောင်းပါတယ်။

ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူနဲ့ပဲ ဘ၀ခရီးလမ်းကို လျှောက်လှမ်းချင်ကြမှာပါ။

ဒါကြောင့် ကိုယ့်ရဲ့ချစ်သူဆိုပေမယ့် သူဟာ ကိုယ်ပိုင်ဘ၀နဲ့ရှင်သန်နေတဲ့ လူသားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ဘ၀ကိုပြောင်းလဲဖို့ကြိုးစားတာထက် သူ့ဘ၀ထဲကို ကိုယ်ဘယ်လိုဝင်မလဲဆိုတဲ့အချက်ကသာ ပိုပြီးသေချာနိုင်တဲ့ အချက်ဖြစ်လို့ လိုအပ်မယ့် အချက်လေးတွေကို Shewmom ပရိသတ်ကြီးကို မျှဝေပေးလိုက်ပါတယ်။

ချစ်ပေမယ့်လည်း သင့်စိတ်နဲ့သင့်ကိုယ်ပဲနေပါ

မတူညီတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှစ်ခုမှာ နေထိုင်အသားကျလာတဲ့ ချစ်သူစုံတွဲတွေအနေနဲ့ တစ်ယောက်ရဲ့ အမူအကျင့်ကို တစ်ယောက်က လက်ခံပေးဖို့ အင်မတန်ခက်ခဲပါတယ်။လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတတ်တာမျိုးလည်းရှိနိုင် ပါတယ်။

အရိုးရှင်းဆုံး ဥပမာပေးရရင် အားလပ်ရက်မှာ အပြင်မထွက်ဘဲ အိမ်မှာပဲ ကိုယ်နှစ်သက်တဲ့ အစားအစာလုပ်စားတာမျိုး၊ ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေဖတ်ရတာမျိုး ဖြစ်ပေမယ့် သင့်ချစ်သူကတော့ အားလပ်ရက်မှာ အပြင်လျှောက်လည်ရ တာမျိုး၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ဟေးလားဝါးလားနေရတာမျိုးကို နှစ်သက်နေမယ်ဆိုရင် သင့်ချစ်သူနဲ့ သင်နဲ့ ကြားမှာ အဆင်ပြေဖို့ သဘောတူညီချက်လေးတွေယူဖို့လိုပါပြီ။

READ
Relationship တစ်ခုမှာ နှစ်ယောက်စလုံး မာနတွေရှိခဲ့ရင် … အဆုံးသတ် မလှနိုင်ပါဘူး

“အသွင်မတူ အိမ်သူမဖြစ်”ဆိုတဲ့ အချက်က ဒီဘက်ခေတ်မှာတော့ ညှိနှိုင်းယူလို့ရနိုင်ပါတယ်။

ကိုယ့်ကိုချစ်တဲ့သူ ကိုယ့်ကို ယုံကြည်နေတဲ့သူ ရှိရင် ဘ၀မှာရှင်သန်ရပ်တည်ရတာ အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့   ခရီးတစ်ဝက်ရောက်နေပြီလို့တောင်ပြောလို့ရပါတယ်။ဒါကြောင့် သင်ကြိုက်တဲ့ပုံစံအတိုင်း နေသလို သင့်ချစ်သူကိုလည်း သူကြိုက်တဲ့ပုံစံအတိုင်းနေခွင့်ပြုလိုက်ပါ။ ဒါပေမယ့် သင်တို့နှစ်ယောက်ကြားမှာ ဆက်သွယ်မှုတော့ရှိနေပါစေ။ဆိုလိုတာ က သင်နဲ့သင့်ချစ်သူ ကြားက နွေးထွေးမှုလေးတွေ မပျောက်ပျက်အောင်  နှစ်ယောက်လုံးနဲ့သက်ဆိုင်တဲ့ ဘုံ သတ်မှတ်ရက်ထားပြီး နှစ်ယောက်လုံးရဲ့ အမူအကျင့်အလေးတွေ အပြန်အလှန်ဖလှယ်ပြီး လိုက်လုပ်ကြည့်ကြဖို့ပါပဲ။

နောက်တစ်ချက်ကတော့ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် တစ်ဘက်ဘက်က အရှုံးပေးနေရတာမျိုး မဟုတ်ဘဲ နှစ်ယောက်ကြားက မတူညီတဲ့အချက်လေးတွေကို လက်ခံနိုင်အောင် ကြိုးစားဖို့လိုပါတယ်။

တချို့ချစ်သူစုံတွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက် ပြုပြင်ပြောင်းလဲဖို့ကြိုးစားတဲ့အခါ ပိုချစ်တဲ့သူက ကိုယ့်ချစ်သူစိတ်ချမ်းသာဖို့ အလျှော့ပေးလိုက်ရတာချည်းပါပဲ။သင့်အနေနဲ့ ဒီလို အလျှော့ပေးရတာမျိုးပဲ ခဏခဏဖြစ် နေမယ်ဆိုရင်တော့ သင့်ရဲ့ ကိုယ်ပိုင် စိတ်၊ ကိုယ်ပိုင်ခံစားချက်တွေကို ဆုံးရှုံးရဖို့ ရာနှုန်းပြည့်သေချာနေပါပြီ။

READ
လက်ထပ်ဖို့ တစ်ပတ်အလိုမှာ သတို့သားရဲ့ မပွင့်လင်းမှုကြောင့် ပျက်သွားခဲ့တဲ့ မင်္ဂလာပွဲ

အဲဒီလို မဖြစ်အောင် သင့် စိတ်ကို သင်ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။

သင့်ကိုယ်သင်ယုံကြည်မှုရှိပါ

တချို့သင်လက်မခံနိုင်တဲ့ အကြောင်းအရာတွေကို ဘယ်အချက်တွေက လက်မခံနိုင်စရာလဲဆိုတာရှာဖွေပါ။

သင့်ကိုယ်သင်ချစ်မြတ်နိုးပါ။ သင်ဟာ လူသားတစ်ယောက်ဖြစ်တဲ့အတွက် လူသားတစ်ယောက်ရဲ့အခွင့်အရေးအနေနဲ့ သင့်မှာ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင်အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရှိတယ်လို့ မှတ်ယူပါ။သင့်ကိုယ်သင် ယုံကြည်မှု ရှိစွာ မတူညီတဲ့အချက်တွေကို ရှာဖွေပြီး လက်ခံနိုင်အောင် ကြိုးစားပါ။

အရိုးရှင်းဆုံးသာမန်ကိစ္စလေးတွေကိုမေ့မထားပါနဲ့

အသေးအဖွဲ ပြသနာလေးတွေကနေ နောက်ဆုံး ထိန်းမနိုင်သိမ်းမရတဲ့အခြေအနေတွေထိရောက်ပြီး ကွဲကြကွာကြတဲ့ Relationshipတွေကို တွေ့ဖူးကြမှာပါ။ဥပမာ-ရုပ်ရှင် ကြည့်တာတောင် သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးကြည့်ချင်တာနဲ့ ကိုယ့်ချစ်သူနဲ့နှစ်ယောက်တည်း ကြည့်ချင်တာ ဒီလို မတူညီတဲ့ အသေးအဖွဲကိစ္စလေးတွေကို ဘ၀လက်တွဲဖော်အဖြစ် စတင်ရွေးချယ်ကတည်းက ညိနှိုင်းအဖြေရှာထားကြဖို့လိုပါတယ်။

ချစ်သူစုံတွဲတိုင်း မှန်ကန်တဲ့ရွေးချယ်မှုနဲ့ ပြည့်စုံတဲ့ချစ်ခြင်းမေတ္တာကို ရကြပါစေ။

ခြူးသစ်နွယ်@ChoChoThan(Shwemom)

SHARE