အလုပ်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့အချက်(၅)ချက်

lassedesignen/ShutterStock

သင့်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ရှိနေပေမယ့် သင့်ရဲ့ဝန်ထမ်းတွေဟာ သင့်ကိုမုန်းနေတယ်၊ ဒါမှမဟုတ် မကျေမနပ်ဖြစ်နေတယ်လို့ ခံစားနေရသလား။ သူတို့က သင့်ရဲ့ရှေ့မှာဆို ရိုကျိုးတဲ့ပုံစံပြနေပေမယ့် သင့်ရဲ့ကွယ်ရာမှာတော့ မကောင်းကြောင်းတွေကိုသာ အမြဲပြောကြလေ့ရှိသူတွေလား။ သူတို့ဆီမှာ သင်နဲ့ပတ်သက်ပြီး မကျေနပ်တာတစ်ခုခု အမြဲရှိနေတတ်သလား။ ဒီလိုဆိုရင်တော့ သင့်ကိုယ်သင် ပြန်လည်စစ်ဆေးဖို့ လိုအပ်နေပါပြီ။

အလုပ်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအချက်တွေက အရေးပါသလဲဆိုတော့….

(၁)။ ၀န်ထမ်းတွေကိုစကားပြောခွင့်ပေးပါ

သင့်အနေနဲ့ ဘယ်လောက်ပဲ အလုပ်များများ၊ သင့်ဝန်ထမ်းတွေပြောတဲ့စကားသံတွေကိုတော့ နားထောင်ပေးဖို့လိုပါတယ်။ သင့်ရုံးခန်းတံခါးကို အမြဲဖွင့်ထားပြီး ၀န်ထမ်းတွေ လာရောက်စကားပြောတာ၊ ဆွေးနွေးတာ၊ တိုင်ပင်တာမျိုးကို အမြဲတမ်းကြိုဆိုပေးပါ။ ဒီလိုမှပဲ သင့်အနေနဲ့ ၀န်ထမ်းတွေရဲ့ပြဿနာတွေ၊ အလုပ်ခွင်အခြေအနေတွေကို ဒီ့ထက်ပိုနားလည်လာမှာဖြစ်ပြီး ၀န်ထမ်းတွေနဲ့သင့်ရဲ့ကြားမှာလည်း ကောင်းမွန်တဲ့ဆက်ဆံရေးတွေ ရှိလာပါလိမ့်မယ်။

fizkes/ShutterStock

(၂)။ ၀န်ထမ်းတွေရဲ့တန်ဖိုးကိုလေးစားပါ

ဘယ်လောက်အဆင့်နိမ့်တဲ့ အောက်ခြေ၀န်ထမ်းပဲ ဖြစ်ပါစေ သူတို့ကို လေးလေးစားစားဆက်ဆံပြတာက သင့်အပေါ်ကို အခြားဝန်ထမ်းတွေရဲ့ယုံကြည်မှု ပိုမိုမြင့်မားလာစေပါလိမ့်မယ်။ သင်က သူဌေးတစ်ယောက်၊ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ဖြစ်တာကြောင့် ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူးဆိုပြီး မောက်မောက်မာမာ ဆက်ဆံရင်တော့ ၀န်ထမ်းတွေကလည်း သင့်ရဲ့အလုပ်အပေါ် စေတနာမထားပဲ တာဝန်ကျေရုံသာ လုပ်ပေးသွားကြမှာပါ။

READ
အိပ်ယာဝင်ခါနီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်ရင် ဒါတွေလုပ်ပါ

(၃)။ဝန်ထမ်းတွေစွမ်းအင်ပြည့်အလုပ်လုပ်နိုင်ဖို့ ပံ့ပိုးပေးပါ

ဘယ်လောက် အလုပ်ကြိုးစားတဲ့ ၀န်ထမ်းပဲဖြစ်ပါစေ သူတို့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြု မခံရဘူးလို့ ယူဆရင် သူတို့ရဲ့ အလုပ်လုပ်နိုင်စွမ်းလည်းလျော့ကျလာမှာပါ။ ဒီတော့ လုပ်ငန်းခွင်ထဲက အကောင်းဆုံးအလုပ်ကြိုးစားသူတွေကို တစ်လတစ်ခါ ဆုပေးတာပဲဖြစ်ဖြစ်၊ အားလပ်ရက်ပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးတာက သူတို့အပေါ် အသိအမှတ်ပြုပေးရာ ရောက်ပါလိမ့်မယ်။ သင့်ရုံးက ၀န်ထမ်းတွေကို မွေးနေ့ပွဲလုပ်ပေးတာ၊ အထိမ်းအမှတ်ပွဲတွေ မကြာခဏ ပြုလုပ်ပေးတာကလည်း သူတို့အပေါ်မှာ သင် စေတနာထားကြောင်း ပြသပေးတာနဲ့အတူတူပါပဲ။

fizkes/ShutterStock

(၄)။ သူတို့ရဲ့ကျွမ်းကျင်မှုကိုတလွဲအသုံးမချပါနဲ့

သင်က ၀န်ထမ်းတစ်ယောက်ကို စာစီစာရိုက်အတွက် ခန့်ထားတယ်ဆိုပါစို့။ တကယ်တော့ အဲဒီဝန်ထမ်းက ဒီဇိုင်းဆွဲတဲ့ပညာနဲ့ပတ်သက်ပြီး သင်ယူထားတဲ့ဝန်ထမ်းဖြစ်နေတယ်။ ဒီဇိုင်းဆွဲတာကိုလည်း သူက အရမ်းနှစ်သက်ပြီး ကောင်းကောင်းလည်းလုပ်နိုင်တယ်။ ဒီလိုဆိုရင် သင့်အနေနဲ့ သူ့ရဲ့လုပ်ငန်းတာဝန်ကို ပြောင်းလဲပေးသင့်ပါပြီ။ သူ့အနေနဲ့လည်း စိတ်ပျော်ရွှင်တဲ့အရာ၊ ၀ါသနာပါတဲ့အရာကို လုပ်နေရမှာဖြစ်လို့ ဖန်တီးမှုစွမ်းရည်တွေပိုမိုကောင်းမွန်လာမှာဖြစ်ပြီး သင့်အတွက် ရလဒ်ကောင်းတွေ ရယူပေးနိုင်မှာပါ။ ဒီတော့ သူတို့ရဲ့ကျွမ်းကျင်မှုကို တလွဲအသုံးမချပါနဲ့။ ဘယ်လိုနေရာတွေမှာ သူတို့ ပိုပြီး ကောင်းကောင်းလုပ်နိုင်သလဲဆိုတာကို လေ့လာပါ။

READ
ဆံသားမပျက်စီးစေဖို့ ဒီအချက်လေးတွေကို ရှောင်ရှားပါ

(၅)။ သူတို့ရဲ့စွမ်းရည်ကို မြှင့်တင်ပေးပါ

သင့်ရဲ့ဝန်ထမ်းတွေကို အလုပ်ချိန်အတွင်း၊ ဒါမှမဟုတ် အလုပ်ချိန်ပြင်ပမှာ လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ရောက်ဖို့ ပံ့ပိုးပေးသင့်ပါတယ်။ ဒီလို သင်တန်းတွေ စီစဉ်ပေးခြင်းက သင့်ရဲ့အလုပ်ချိန်ကို ထိခိုက်ကောင်း ထိခိုက်နိုင်ပေမယ့် သူတို့အတွက်တော့ ပိုကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်လာမှာပါ။ သူတို့ စိတ်ထဲမှာလည်း သင်ဟာ သူတို့ရဲ့ရှေ့ရေးအတွက် စဉ်းစားပေးတယ်လို့ ထင်သွားကြမှာဖြစ်ပြီး သင့်အတွက် အရင်ကထက် ပိုကြိုးစားပေးကြပါလိမ့်မယ်။

wavebreakmedia/ShutterStock

Linn

Source : Wikihow

SHARE