ဒီနေ့ခေတ်ကြီးမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ပြီး ရည်းစားတာ အဆန်းမဟုတ်သလို တွဲပြီးခဏအကြာမှာ ပြတ်သွားတာကလည်း အဆန်းမဟုတ်တော့ပါဘူး။ တစ်ချို့တွေကတော့ တစ်ယောက်သွားရင် နှစ်ယောက်လာလိမ့်မယ်ဆိုတဲ့ အတွေးအခေါ်တွေ ရှိသလို တစ်ချိုကကျပြန်တော့လည်း ဒီတစ်ယောက်နဲ့ အဆင်မပြေရင် နောက်တစ်ယောက်နဲ့ အဆင်ပြေသွားမှာဆိုတဲ့ အတွေးတွေလည်း ရှိတတ်ပါတယ်။ အကောင်းဆုံးကတော့ တက်နိုင်သမျှ လက်တွဲမဖြုတ်ပဲနဲ့ အချိန်အကြာကြီးတွဲသွားတာပါပဲ။ ဒါ့ကြောင့် ဒီနေ့မှာတော့ ရေရှည်တွဲသွားပြီး သာယာလှပတဲ့ Relationship တစ်ခုကို ဘယ်လိုမျိုးပုံစံနဲ့ တည်ဆောက်ကြမလဲဆိုတဲ့အကြောင်းလေးကို ပြောပြပေးသွားချင်ပါတယ်။

ပထမဦးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် သစ္စာမဖောက်ဖို့ပါပဲ။ ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အချိန်အကြာကြီးတွဲတာ ကြာလာရင် ရိုးအီတတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးကျရင် တစ်ယောက်နဲ့တစ်ယောက် တွဲတာရိုးလာလို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Break up ခဏယူလေ့ရှိကာ နောက်တစ်ယောက်နဲ့ တွဲလေ့ရှိပါတယ်။ ဒီလိုမျိုး ကိစ္စဟာ တစ်ဖက်ကိုယ့်ချစ်သူသိသွားရင် ကျိန်းသေစိတ်မကောင်းဖြစ်မှာ အမှန်ပါပဲ။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် တွဲနေတဲ့ အချိန်မှာ ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် နောက်မီးမလင်းတာ အကောင်းဆုံးပါပဲ။

နောက်တစ်ခုကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိဖို့လိုပါတယ်။ နားလည်မှုဆိုတဲ့ စကားလုံးဟာ ၃ လုံးတည်းပေမယ့် အဓိပ္ပာယ်ပေါင်းများစွာ ပါဝင်ပတ်သတ်နေတဲ့ စကားလုံးတစ်လုံးပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကောင်းကောင်းရှိပြီး ချစ်နေသေးရင်တော့ အဲဒီ Relationship ဟာ ရေရရှည်လက်တွဲသွားနိုင်မှာ အမှန်ပါပဲ။ နောက်တစ်ချက်ကတော့ ကိုယ့်ချစ်သူရဲ့ အားနည်းချက်ကို ဘယ်တော့မှ နင်းပြီးမပြောပါနဲ့။ အဲဒီလို တစ်ဖက်ကိုယ့်ချစ်သူရဲ့ အားနည်းချက်ကို သိသိရက်နဲ့ မကြာမကြာ အစပြန်ဖော်ပြီး အပြစ်ပြောနေခြင်းဟာ တစ်ဖက်က ကိုယ့်ချစ်သူရဲ့ စိတ်ထဲမှာ ဘယ်လိုမှ အဆင်မပြေနိုင်တဲ့ အရာတစ်ခုပဲ ဖြစ်တာကြောင့်ပါ။

နောက်ဆုံးတစ်ခုကတော့ ဘယ်အရာကိုမှ အတင်းအကြပ်ကြီး လုပ်မယူပါနဲ့။ အတင်းအကြပ် လုပ်ယူတဲ့ကိစ္စတိုင်းဟာ တစ်ဖက်ကိုယ့်ချစ်သူရဲ့ စိတ်ထဲမှာ မပါပဲ လုပ်နေရတဲ့ ကိစ္စတစ်ခုပါ။ သူ့နေရာမှာ ကိုယ်သာဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးကြည့်ပေးပါ။ ကိစ္စတိုင်းဟာ အချိန်တန်ရင် သူ့ဟာသူဖြစ်သွားမှာတွေချည်းပါပဲ။ ဒါ့ကြောင့် ဘယ်ကိစ္စမဆို သူ့ဖက်က စိတ်မပါပဲ အတင်းအကျပ်ကြီးလုပ်မယူတာ အကောင်းဆုံးပါပဲ။
Pyi Hein Kyaw