မိဘနဲ့အတူနေတဲ့အရွယ်ရောက်ပြီးသူတွေသိထားသင့်တဲ့အချက်များ

 သူများနိုင်ငံတွေမှာတော့အသက်၁၈နှစ်ပြည့်တာနဲ့မိဘရင်ခွင်ကနေခွဲထွက်ပြီးကိုယ့်ဘ၀ကိုယ်ကျောင်း၊ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ကြပေမယ့်ဒီမှာတော့အိမ်ထောင်မပြုမချင်းဘယ်အသက်အရွယ်ပဲရောက်ရောက်မိဘနဲ့အတူနေကြတာများပါတယ်။အဲဒီလိုပဲမိဘတွေကလည်းကိုယ့်သားသမီးကိုဘယ်အရွယ်ပဲရောက်ရောက်သူတို့မျက်စိထဲမှာတော့ကလေးလိုပဲမြင်နေတတ်ကြပါတယ်။အဲဒီလိုမိဘနဲ့အတူနေတဲ့အရွယ်ရောက်သူတွေကြုံလေ့ရှိတာကမိဘနဲ့သားသမီးကြားမှာ ခေတ်အမြင်အယူအဆတွေအရ နားလည်မှုလွဲတာ ကတောက်ကဆတွေကြုံရတာပါ။ဒါကြောင့် မိဘနဲ့သားသမီးဆက်ဆံရေးပြေလည်အောင် သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

1)တာဝန်သိတတ်ပါ

အခြေအနေအရမိဘနဲ့အတူနေပေမယ့်လည်း သားသမီးတစ်ယောက်အနေနဲ့ တာဝန်ယူမှု၊တာဝန်ခံမှုရှိဖို့လိုပါတယ်။တချို့ဆို မိဘကစားဖို့သောက်ဖို့ပြင်ဆင်ပေးရတဲ့အပြင်အခန်းရှင်းပေးတာကအစအ၀တ်အစားလျှော်ဖွတ်ပေးတာအဆုံးလုပ်ပေးနေရပါတယ်။မိဘကသားသမီးမို့လို့စေတနာရှိလို့လုပ်ပေးပေမယ့်လည်းသားသမီးဖြစ်တဲ့ကိုယ်ကအလိုက်တသိဒီလိုတွေလုပ်ပေးဖို့ခွင့်မပြုပေးသင့်ပါဘူး။မိဘအပေါ်ရိုသေလေးစားမှုရှိခြင်းက သင့်ကိုယ်သင်ဂုဏ်ယူရတဲ့သူတစ်ယောက်ဖြစ်စေမှာပါ။

2)ငြိမ်းချမ်းမှုကိုရယူပါ

အခုခေတ်ဆို ပိုပြီး မိဘနဲ့သားသမီးကြား ကတောက်ကဆဖြစ်စရာနဲ့ အယူအဆမတည့်စရာတွေချည်းပါပဲ။လူငယ်တွေ ကြားမှာစိတ်ဝင်စားစရာကဏ္ဍတွေကတစ်နေ့ထက်တစ်နေ့တိုးတက်များပြားလာသလောက်မိဘတွေကတော့ရှေးရိုးစွဲ နောက်မှာကျန်ခဲ့သလိုပါပဲ။တခါတလေလူငယ်တွေကြားမှာတောင်အချင်းချင်းမသိသေးတဲ့အချက်တွေ၊နားမလည်နိုင်တဲ့ကိစ္စတွေရှိနေတတ်ပါတယ်။ဒီလိုအခြေအနေမှာမိဘနဲ့သားသမီးဆက်ဆံရေးကိုအကောင်းဆုံးထိန်းသိမ်းထားဖို့ကအရေးကြီးပါတယ်။ကန်ကျောက်ငြင်းခုန်နေမယ့်အစားအကျိုးအကြောင်းရှင်းပြပြီး မိဘနဲ့သားသမီးကြားငြိမ်းချမ်းရေးကိုတည်ဆောက်သင့်ပါတယ်။

3)သင့်ကိုယ်သင်မိတ်ဆက်ပါ

တခါတလေမိဘစကားနားထောင်ရင်းမိဘအရိမ်ကလွှမ်းမိုးလွန်းတဲ့အခြေအနေတွေလည်းရှိပါတယ်။မိဘကိုဆန့်ကျင်ဖို့ဆိုလိုခြင်းမဟုတ်ပေမယ့် မိဘဘက်ကဖြစ်စေချင်တဲ့အခြေအနေနဲ့ ကိုယ့်ဘက်ကဖြစ်ချင်တဲ့ဆန္ဒကိုအကျိုးအကြောင်းနှိုင်းယှဉ်ပြီး မိဘရဲ့ ထောက်ခံမှုကိုရယူသင့်ပါတယ်။ဒါမှ အိမ်တွင်းသာယာချမ်းမြေ့မှုကိုရရှိမှာပါ။တခါတရံ ကိုယ့်ရဲ့ဝါသနာ၊ကျွမ်းကျင်မှုက တခြား၊မိဘဖြစ်စေချင်တာကတခြားဒါပေမယ့်မိဘစကားကိုမလွန်ဆန်နိုင် ပြန်လည်းမရှင်းပြန်နိုင်တဲ့သူတွေအနေနဲ့ ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေတွေကို ကြုံရလေ့ရှိပါတယ်။

4)မိဘကျန်းမာရေးကိုဂရုစိုက်ပါ

သင်နေမကောင်းတဲ့အချိန်သင့်မိဘကဂရုစိုက်သလိုမိဘတွေနေမကောင်းချိန်မှာလည်း သေချာဂရုတစိုက်ပြုစုသင့်ပါတယ်။သင့်အနေနဲ့အခုလိုမိဘနဲ့အတူနေခွင့်ရပြီး ပြုစုခွင့်ရတာအခွင့်အရေးကောင်းကိုပိုင်ဆိုင်ရတယ်ဆိုရင်မမှားပါဘူး။မိဘတွေကများသောအားဖြင့် သူတို့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး သားသမီးတွေကိုဖုံးကွယ်ထားလေ့ရှိပါတယ်။ဒါကြောင့် သင့်ဘက် မိဘတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး မျက်ခြေမပြတ်လေ့လာအကဲခတ်နေဖို့လိုပါတယ်။

5)မိဘတွေကိုလေးစားတန်ဖိုးထားပါ

လူတိုင်းက တစ်နေ့နေ့မှာ ဒီကမ္ဘာကြီးကနေထွက်သွားရမယ့်သူတွေချည်းပါပဲ။ဒါပေမယ့် ဘယ်အချိန်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ထွက်သွားရမယ်ဆိုတာကိုတော့ဘယ်သူမှမသိကြပြန်ပါဘူး။အထူးသဖြင့်အခုချိန်ထိသင်နဲ့အတူသင့်မိဘတွေသက်ရှိထင်ရှားရှိနေတဲ့အချိန်ဟာ သေချာစဉ်းစားကြည့်ရင်တကယ်တန်ဖိုးထားစရာအကောင်းဆုံးအချိန်တွေပါပဲ။ဒါကြောင့် သင့်ဘက်က အတတ်နိုင်ဆုံး မိဘတွေအပေါ်မှာ လေးစားတန်ဖိုးထားပေးပါ။သင်ကိုယ်တိုင်မိဘနေရာရောက်တဲ့အခါ အဲဒီလိုလေးစားတန်ဖိုးထားမှုကို ပိုင်ဆိုင်ခွင့်ရမှာပါ။
ChoChoThan(Shwemom)
ref:wikihow.com
 
SHARE