ဘူဖေးစားတဲ့အခါတိုင်း မြတ်အောင်စားနိုင်စေမယ့် အခြေခံအချက် ၈ ချက်

Goskova Tatiana/Shutterstock

ဈေးတစ်ခုတည်းသတ်မှတ်ထားပြီး ကြိုက်တာအဝစားပါဆိုတဲ့ ဘူဖေးဆိုင်တွေဟာ အစားချစ်သူတို့အတွက် အတကယ့်ကိုမျက်စိကျစရာနေရာတွေပါပဲ။ တချို့လူတွေက ဘူဖေးကို ဗိုက်ဝရင်ပြီးရော စားတတ်ကြပေမယ့်လို့ ကျွန်တော့်လိုလူမျိုးအတွက်ဆိုရင်တော့ ဆိုင်ရှင်နဲ့ အင်အားပြိုင်ရတဲ့ ပြိုင်ပွဲတစ်ပွဲပါပဲ။ ပေးရတဲ့ဈေးထက် ကိုယ့်ဖက်ကပိုမြတ်အောင် စားလို့လေ။ ဒီလိုမျိုး ဘူဖေးကိုတန်ရုံတင်မကဘဲ မြတ်ပါမြတ်အောင် ဘယ်လိုစားရမယ်ဆိုတဲ့ အခြေခံအချက် ၈ ချက်ကို မျှဝေပေးချင်ပါတယ်။

(၁) ပထမဆုံးတစ်ချက်ကတော့ ရှောင်ရမယ့်အဓိကအစားအစာတွေပါ။ အဲဒါတွေကတော့ ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ပေါင်မုန့်တို့ပါပဲ။ မလိုအပ်ဘဲ အလဟသတ်ကြီး ဗိုက်ဝမခံသင့်ပါဘူးနော်။ နောက်ပြီး အိမ်မှာအလွယ်တကူချက်စားနိုင်၊ အပြင်မှာ ဈေးသက်သက်သာသာနဲ့ဝယ်စားနိုင်မယ့် ဟင်းပွဲမျိုးတွေ၊ မုန့်တွေကို ရှောင်ပါ။ ဥပမာ ရိုးရိုးဆူရှီတွေ၊ ကြက်ကြော်တို့၊ ကြက်ဥကြော်၊ ဖက်ထုပ်ကြော်တို့ အစရှိတာမျိုးတွေပေါ့။

(၂) ဘူဖေးဆိုင်ရောက်ပြီဆိုတာနဲ့ ဈေးကြီးတဲ့ အသားတွေနဲ့ ဟင်းပွဲတွေကို အရင်ဆုံးလိုက်ရှာပါ။ ဥပမာ ပင်လယ်စာတို့၊ ကြက်ဆင်သားတို့လိုမျိုးပေါ့။ အသီးအရွက်တွေကို တတ်နိုင်သလောက် မစားလေ ကောင်းလေပါပဲ။

READ
ဒီလောက် ဂရုစိုက်တဲ့ ချစ်သူမျိုး မလိုချင်ကြဘူးလား

(၃) ကုန်တော့မယ့်ဟင်းပွဲမျိုးနဲ့ ကျွန်တော်တို့ အမြဲတမ်းလိုလိုကြုံခဲ့ရတယ်မဟုတ်လား။ ဒါဆိုရင်တော့ ကုန်ခါနီးဖြစ်နေတဲ့ အဲဒီဟင်းပွဲကို သွားမထိဘဲ ဟင်းပွဲအသစ်လာချဖို့ကို စောင့်လိုက်ပါ။ ပူပူနွေးနွေးစားနိုင်ပြီး ပိုလတ်ဆတ်တာပေါ့။

Rawpixel.com/Shutterstock

(၄) ဘူဖေးရဲ့အဓိကရန်သူကတော့ သောက်စရာအအေးတို့၊ ရေတို့ပါပဲ။ ဒါကြောင့် မလိုအပ်ဘဲ အအေးတွေ၊ ရေတွေသောက်ပြီး ဗိုက်ကြီးကယ်တာမျိုးတွေ၊ အစာတွေပွကုန်ပြီး ဆက်မစားနိုင်တော့တာမျိုးတွေ မဖြစ်ရလေအောင် ရေလျှော့သောက်ပါ။

(၅) ဘူဖေးမစားခင် ကျွန်တော်တို့တွေလုပ်တတ်တဲ့ အကြီးမားဆုံး အမှားတစ်ခုကတော့ အစာခံကြတာပါ။ အစာခံတာဟာ မှန်ကန်တဲ့အချိန်အတိုင်းအတာတစ်ခုအထိတော့ အလုပ်ဖြစ်နိုင်ပေမယ့်လို့ အစာခံတဲ့အချိန်ကြာသွားပြီး အစာလွန်သွားတဲ့အခါ ပိုပြီးမစားနိုင်တာ၊ ပထမတစ်ပန်းကန်တည်းနဲ့တင် ဗိုက်အောင့်ပြီး ဆက်မစားနိုင်တာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ အကောင်းဆုံးကတော့ ဘူဖေးမစားခင် ၅ နာရီအလိုလောက်ကို နောက်ဆုံးထားပြီး ဘာမှမစားပါနဲ့တော့။ နောက်တစ်ခုက ဝမ်းရှင်းထားဖို့လည်း လိုအပ်မယ်နော်။

(၆) ဘူဖေးဆိုမှတော့ အချိုပွဲတွေပါပါတယ်ဆိုတာ ငြင်းလို့မရပါဘူး။ သင်ဟာ ထမင်းမစားခင်း အချိုအရင်တည်းတတ်သူဆို ဒီအကျင့်ကိုဘူဖေးစားတဲ့အခါ မလုပ်ပါနဲ့။ ရေခဲမုန့်တို့၊ ကိတ်မုန့်တို့ စတဲ့အချိုပွဲတွေဟာ အစာချေဖို့မလွယ်ကူတာကြောင့် နောက်ထပ်ဗိုက်ထဲထပ်ထည့်မယ့် အစားအသောက်တွေအတွက် နေရာမရှိတော့အောင် လုပ်ပေးပါလိမ့်မယ်။

READ
ကိုယ်ရဲ့အသည်းတခြမ်းကိုတွေ့ပြီဆိုတာ သေချာနေတဲ့အချက်များ
Vincent Huijgens/Shutterstock

(၇) နောက်တစ်ခုကတော့ အချိန်ပါ။ တချို့တွေက ဘူဖေးစားရင် ညဖက်သွားစာတာ ပိုပြီးစားနိုင်ကြမယ်လို့ ထင်နေတတ်ကြပါတယ်။ တကယ်တော့ လူတစ်ယောက်အစားနိုင်ဆုံးအချိန်က နေ့လည်ပိုင်းပါ။ နောက်ပြီး နေ့လည်ပိုင်းသွားစားတော့ အစားအသောက်တွေလည်း ပိုပြီး စုံစုံလင်လင်၊ လတ်လတ်ဆတ်ဆတ်နဲ့ လူရှင်းရှင်းစားနိုင်တာပေါ့။

(၈) နောက်ဆုံးတစ်ချက်ကတော့ ပန်းကန်ကိစ္စပါ။ စိတ်လှည့်စားမှုတစ်ခုလည်း ပါပါတယ်။ အဲဒါကတော့ ပန်းကန်ပြားတစ်ခုတည်းမှာ ဟင်းပွဲတွေကို စုပြုံပြီးထည့်စားတာထက် ဟင်းပွဲတစ်ခုကိုထည့်လိုက် စားပွဲပြန်ပြီးစားလိုက်၊ နောက်ဟင်းပွဲတစ်ခုကို ထထည့်လိုက် စားပွဲပြန်ပြီးစားလိုက်နဲ့လုပ်တာဟာ သင့်ကို အစားပိုဝင်စေပါလိမ့်မယ်။ ထိုင်လိုက်ထလိုက်လုပ်တာကြောင့် အစာကျေတာပိုမြန်သလို ဟင်းပွဲအများကြီးကို ပန်းကန်တစ်ခုထဲစုပြီး မမြင်ရတော့တာကြောင့် ဦးနှောက်ကမသိစိတ်ကို “တော်တော့” ဆိုပြီးလည်း မခိုင်းစေနိုင်တဲ့အတွက် အလွယ်တကူ ဗိုက်မတင်းတော့ဘူးပေါ့။

Penny

SHARE