ငြီးငွေ့ကုန်ခမ်းသွားတဲ့ ချစ်စိတ်တွေ တဖန်ပြန်နိုးကြားလာစေဖို့ နည်းလမ်း(၆)သွယ်

Instagram/BarackObama

နှစ်ကာလကြာရှည်စွာ ချစ်သူသက်တမ်းရှိလာချိန်မှာ တစ်ယောက်ကို တစ်ယောက်က ငြီးငွေ့သွားတာတို့၊ စိတ်ကုန်ခမ်းလာတို့ဖြစ်လေ့ရှိပါတယ်။ အဲဒီလိုအချိန်ခဏလေးမှာပဲ သေသေချာချာ မထိန်းသိမ်းတတ်ရင် Relationship တစ်ခုဟာ ပျက်စီးသွားနိုင်ပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်ရတဲ့ ချစ်သူနဲ့ ဝေးကွာတဲ့ ဘဝမှာ နေထိုင်ချင်ပါ့မလဲ။ ဒါကြောင့် ချစ်သူဘဝကို အသက်ဆက်ဖို့ အရင်အတိုင်း ချစ်တဲ့စိတ်တွေ ပြန်ပြီး နိုးကြားလာစေဖို့ နည်းလမ်း ၆ မျိုးကို ဝေမျှလိုက်ပါတယ်။

၁ – ကိုယ့်ချစ်သူကို ပြန်ပြီး ပိုးပန်းပါ

ကိုယ်နဲ့ ချစ်သူဖြစ်လို့ အချိန်တွေက ကြာနေပြီ ပြန်ပြီး ပိုးရဦးမလား၊ ပိုးဖို့လိုအပ်လားဆိုတော့ ဟုတ်ပါတယ် ပိုးပန်းရဦးမှာပါ။ လိုလည်း လိုအပ်ပါတယ်။ relationship တစ်ခုသက်တမ်းကြာမြင့်လာတာနဲ့အမျှ တစ်ယောက်နဲ့ တစ်ယောက်က နားလည်မှုတွေလည်း ပိုရှိလာတတ်ကြပါတယ်။ ဒါပေမယ့် အခန့်မသင်တဲ့အချိန်မျိုးမှာဆိုရင်တော့ အဲဒီနားလည်မှုတွေဟာ ပျောက်ဆုံးသွားပြီး တစ်ယောက်ကို တစ်ယောက်က ငြီးငွေ့လာတတ်ကြပါတယ်။ နေ့စဉ် အလုပ်တွေ၊ ဗာဟီရအလုပ်တွေကြားမှာ အချစ်စိတ်ဟာ တဖြေးဖြေးနဲ့ ဝေးဝါးလာတတတ်ပါတယ်။ ဒီလိုအချိန်မှာ ဟိုး အရင် သမီးရည်းစားမဖြစ်ခင်ကအတိုင်း ကိုယ့်ရဲ့ ချစ်ရသူကို ပြန်ပိုးပေးဖို့ လိုအပ်ပါတယ်။ အလုပ်တွေထဲ နစ်မြုပ်နေတဲ့ သူ့ကို ကိုယ့်ဘက်ကို ပြန်စိတ်လည်လာစေဖို့၊ အချစ်စိတ်တွေ ပြန်ရရှိဖို့ သူ ကြိုက်တာလေးတွေ လုပ်ပေးတာတို့၊ စကားလေးပြောပေးတာတို့၊ လက်ဆောင်လေးတွေ ပေးတာတို့ လုပ်သင့်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ခမ်းခြောက်သွားရင် အဆင်မပြေလှပါဘူး။

Instagram/RyanReynolds
၂ – ပရောဂျက်တစ်ခုကို အတူတူလုပ်ပါ

နှစ်ယောက်သား အတူတူ ပါဝင်လို့ရမယ့် အလုပ်တစ်ခု၊ တာဝန်တစ်ခုကို အတူတူလုပ်ဆောင်သင့်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ ကြားက ဆက်ဆံရေးကို ပြန်ပြီး နွေးလာစေဖို့ အတွက်ဆိုတာ တစ်ယောက်ဘေးနားမှာ တစ်ယောက်ရှိနေတယ်ဆိုတဲ့ အသိကိုအမြဲရရှိဖို့ လိုအပ်ပါတယ်။ အခန်းတစ်ခုကို နေရာချတာတို့၊ ဥယျာဉ်စိုက်တာတို့၊ ပန်းစိုက်တာတို့၊GYM ကို အတူသွားတာတို့၊ အကလေ့ကျင့်ခန်းအတူတူလုပ်တာတို့ပေါ့။ သေသေချာချာကို စီစဉ်ပြီး နှစ်ယောက်အတူတွဲလုပ်လို့ရတဲ့ အလုပ်မှန်သမျှ လုပ်လို့ရပါတယ်။ ဒီလို အတူတူ တွဲလုပ်နေရင်းနဲ့ တစ်ယောက်ကို တစ်ယောက် ကူညီတတ်တဲ့စိတ်လေးတွေ၊ ချစ်စိတ်လေးတွေ ပြန်လည် အသက်ဝင်လာမှာပါ။

၃ – နေ့တိုင်း နေ့တိုင်း သူ့အတွက် အချိန်သီးသန့်ပေးပါ

ဘယ်လောက် အလုပ်များတဲ့ လူဖြစ်ပါစေ ကိုယ့်ရဲ့ချစ်သူ၊ ပါတနာကို အချိန်မပေးနိုင်တဲ့လူဟာ အချစ်ကို ဆုံးရှုံးသွားဖို့ ရာခိုင်နှုန်းများပါတယ်။ မနက်ခင်းကို ကော်ဖီအတူတူသောက်တာ၊ ညစာကိုနှစ်ယောက်အတူတူစားတာတို့ဆိုတဲ့ အသေးအဖွဲလေးတွေက အစ ဈေးဝယ်ထွက်တာ၊ ရုပ်ရှင်ကြည့်တာ၊ စာအုပ်ဖတ်တာ၊ မြို့ထဲလျှောက်လည်လာတို့ သူ့အတွက် သီးသန့်အချိန်တစ်ခုကို နေ့တိုင်းပေးထားသင့်ပါတယ်။ ဒီလိုနှစ်ယောက်တည်းအတူရှိနေချိန်မှာ ဖုန်းတွေ ဘာတွေ မပါရင် ကောင်းတာပေါ့။ ကိုယ့်ချစ်သူနဲ့ကိုယ်နဲ့ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ်သွားတာက ပိုပြီး ထိရောက်စေပါတယ်။

၎ – ဝါသနာတွေကို ဝေမျှပါ

ကိုယ်က ငါးမျှားတာကို ကြိုက်တယ်၊ သူက ဟင်းချက်ရတာကြိုက်တယ်။ ကိုယ်က စာအုပ်ဖတ်ရတာ ကြိုက်တယ်၊ သူက ကခုန်ရတာကို ကြိုက်တယ်။ ဒီလို အခြေအနေမျိုးမှာ တစ်ယောက် ကြိုက်တတ်တာလေးတွေကို တစ်ယောက်နဲ့တစ်ယောက် ဝေမျှသင့်ပါတယ်။ ကိုယ်က ဟင်းချက်ရတာ မကြိုက်ပေမယ့်လို့ သူ ဟင်းချက်ဖို့ သွားကူပေးရတာမျိုး၊ ကိုယ်က ကခုန်ရတာ မကြိုက်ပေမယ့်လို့ သူနဲ့ အတူလိုက်ကရတာမျိုးပေါ့။ ဒီလိုတစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတဲ့ ကိစ္စလေးတွေကို အတူတူ ဝေမျှရင်း အတွေ့အကြုံအသစ်တွေရလာတတ်တာပါ။ ပြီးတော့ အကောင်းဆုံးသောအတွေ့အကြုံလေးတွေ၊ ရယ်စရာလေးတွေကို ဖန်ဆင်းလာတတ်တာပါ။ ဒီလိုအခြေအနေကနေပဲ တစ်ယောက်ကို တစ်ယောက် ဆက်ဆံရေးလေးတွေဟာ ပြန်ပြီး နွေးထွေးလာတတ်ပါတယ်။

Twitter/RachelNguyen
၅ – စွန့်စားခန်းလေးတွေ ပြုလုပ်ပါ

နှစ်ယောက်အတူတူ အရင်က မလုပ်ခဲ့ဖူးတဲ့ အသစ်အဆန်းလေးတွေ စွန့်စားခန်းတွေ ပြုလုပ်ခြင်းက အချစ်စိတ်ကို ပြန်ပြီး နိုးထစေပါတယ်။ ရေငုတ်တာတို့၊ တောင်တက်တာတို့ပေါ့။ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ပြီး ရင်ခုန်စရာကောင်းတဲ့ စိတ်လှုပ်ရှားစရာ အတွေ့အကြုံလေးတွေကို ကျော်ဖြတ်ရတာတစ်ယောက်နဲ့တစ်ယောက် ပိုပြီး  ရင်းနှီးလာစေမှာပါ။ ယုံကြည်မှုတွေလည်း တိုးပွာလာစေမှာပါ။

၆ – ခရီးထွက်ပါ

ခရီးသွားခြင်းဟာ အကောင်းဆုံးကုသခြင်းတစ်မျိုးပါပဲ။ ခရီးထွက်တဲ့အခါမှာ ဗဟုသုတတွေလည်း ရရုံမက လူတွေအကြောင်းပိုသိလာရတာပါ။ နှစ်ယောက်အတူတူ ခရီးသွားခြင်းက စိတ်ကို လျော့စေမယ့် အပြင် အချစ်စိတ်တွေကိုလည်း ပြန်ရှာဖွေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ ညဆို ကြယ်တွေ အတူတူ ကြည့်တာတို့၊ မနက်ခင်းစောစော နေထွက်ချိန်ကို စောင့်ကြည့်တာတို့၊ နူးညံ့တဲ့ မြက်ခင်းပေါ်နင်းလျှောက်ရင်း ပန်းတွေကို အတူတူ ခံစားတာတို့၊ တစ်ယောက်ကို တစ်ယောက် ပြန်လည် အချစ်စိတ်တွေ နိုးကြားလာစေမှာပါ။

 

READ
မိမိကိုရယ်အောင်လုပ်နိုင်သူကို လက်တွဲခြင်းမှရနိုင်တဲ့အကျိုး(၈)ခု

YYK

SHARE