သင့်အိမ်မွေးတိရစ္ဆာန်လေးက အထီးကျန်နေပြီလားဆိုတာ သိနိုင်တဲ့လက္ခဏာများ

Shutterstock/ 4 PM production

လူတွေဟာ ကိုယ့်အိမ်မှာမွေးထားတဲ့ ခွေး၊ကြောင် စတဲ့ တိရစ္ဆာန်လေးတွေကို ပျော်ရွှင်စေချင်ကြပါတယ်။ အိမ်မွေးတိရစ္ဆာန်လေးတွေဟာလည်း သခင်ရဲ့ ဂရုပြုစောင့်ရှောက်မှုကို ခံယူပြီး နေလိုကြပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကိုယ်အလုပ်မအားလို့ဖြစ်စေ၊ စီးပွားရေး လူမှုရေးပြဿနာတွေကြောင့် ဖြစ်စေ၊ သူတို့ကို ပစ်ထားသလို ဖြစ်မိတဲ့အခါ တိရစ္ဆာန်လေးတွေဟာ အထီးကျန်တတ်ပါတယ်။ အဲဒီတော့ ကိုယ့်အိမ်က ခွေးလေးကြောင်လေးတွေဟာ အထီးကျန်နေလား၊ အထီးကျန်နေရင်လည်း သူတို့ကို အမြန်ဆုံးသက်သာစေဖို့ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Shutterstock/Chendongshan

တကယ်လို့ ကိုယ့်အိမ်မွေးတိရစ္ဆာန်လေးက ကိုယ်ဘယ်သွားသွား ကိုယ့်နောက်လိုက်နေတယ်ဆိုရင် သူဟာ အထီးကျန်နေနိုင်ပါတယ်။ သာမန်အတိုင်းမဟုတ်ပဲ ကိုယ်ဝင်ထွက်ရာ အခန်းတွေထဲ တောက်လျှောက်လိုက်နေတယ်ဆိုရင်တော့ သတိပြုမိသင့်ပါပြီ။ ဒီလိုမှမဟုတ်လည်း ကိုယ့်ရဲ့ ကြောင်လေး၊ခွေးလေးက အရင်တုန်းက အရမ်းဆော့ပေမယ့် အခုတော့ ငြိမ်ကုပ်နေတယ်။ သခင်ဆီကိုလည်း မလာဘူး၊ တခြားတိရစ္ဆာန်တွေနဲ့လည်း ရောရောထွေးထွေးနေတာ မရှိဘူးဆိုရင်တော့ သူဟာ စိတ်ဓာတ်ကျနေတာ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ ခွေးတွေမှာ အတွေ့ရများတဲ့ အထီးကျန်မှုလက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ အဲဒါကတော့ သူတို့ရဲ့ အမွှေးကိုလျက်တာ၊ ကိုက်တာပါ။ ကြာလာတဲ့အခါ ခဏခဏအကိုက်ခံရတော့ အဲဒီနေရာက အနာဖြစ်လာပါတယ်။ အနာက ဂရုမစိုက်ရင် မစိုက်သလို ကြီးလာနိုင်ပြီး အရမ်းဆိုးရင် ခွဲစိတ်မှုပြုလုပ်ရတဲ့အထိတောင် ဖြစ်နိုင်ပါတယ်။ ဒီပြဿနာဟာ ကြောင်တွေမှာလည်း ဖြစ်ပွားနိုင်ပါသေးတယ်။

READ
သင် ရင့်ကျက်နေပြီဆိုတာကို ပြနေတဲ့အချက် (၅)ချက်
Shutterstock/Veera

တကယ်လို့ ကိုယ့်အိမ်က ကောင်လေးက နေ့ဘက်မှာပိုအိပ်ပြီး ညဘက်မှာလည်း ဂဏှာမငြိမ်နိုင်ဘူးဆိုရင်တော့ သူဟာ ပျင်းနေတာလည်း ဖြစ်နိုင်သလို အထီးကျန်နေတာလည်း ဖြစ်နိုင်ပါတယ်။ အချို့ကံမကောင်းရှာတဲ့ ကြောင်လေးတွေ၊ ခွေးလေးတွေဟာ သူတို့နဲ့ အရမ်းရင်းနှီးတဲ့သခင်နဲ့ ခွဲခွာရတဲ့အခါ အထီးကျန်ဝေဒနာကို ခံစားကြရပါတယ်။ ဥပမာ သခင်က ခရီးရှည်ထွက်သွားတာ၊ ကွယ်လွန်သွားတာမျိုးတွေပါ။ ဒီလိုအချိန်မှာ သူတို့လေးတွေဟာ ၀မ်းနည်းနေကြပြီး အထီးကျန်ဝေဒနာကို ဖြေဖျောက်ဖို့အတွက် ဥပမာ သခင်ရှိတတ်တဲ့နေရာ၊ သခင်ဝတ်တဲ့အ၀တ်အစားတွေနားမှာ နေလေ့ရှိပါတယ်။

ကြောင်လေးတွေ၊ ခွေးလေးတွေဟာလည်း လူတွေနည်းတူ ၀မ်းနည်းတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ အထီးကျန်တဲ့အခါတွေမှာ အစာစားချင်စိတ်ပျောက်ဆုံးတာတွေ ဖြစ်နိုင်ပါတယ်။ စားနေကြ၊ သောက်နေကြအတိုင်း မစားနိုင် မသောက်နိုင်တာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ခွေးတွေမှာ အဆက်မပြတ်အူတာမျိုးတွေ ဖြစ်တတ်ပြီး အချို့ကြောင်တွေဆိုရင် ပရိဘောဂတွေကို စုတ်ဖြဲကုတ်ဆွဲတာတွေတောင် ဖြစ်ပါတယ်။

READ
အရက်နာကျခြင်းကို သက်သာပျောက်ကင်းစေမယ့် ထူးထူးဆန်းဆန်းနည်းလမ်း (၇)မျိုး
Shutterstock/ Olena Yakobchuk

တကယ်လို့ ကိုယ့်ရဲ့ကြောင်လေး ခွေးလေးတွေမှာ အပေါ်မှာဖော်ပြထားသလို အချက်မျိုးတွေ ဖြစ်နေပြီဆိုရင်တော့ သေချာဂရုစိုက်ရမှာပါ။ ဒါပေမယ့် ယေဘူယျပြောရရင် ကြောင်တွေထက်စာရင် ခွေးတွေက ပိုအထီးကျန်တတ်မယ်ထင်ပါတယ်။ ဥပမာ ခွေးလေးတွေဆိုရင် သူတို့ရဲ့ ယုံကြည်မှုတိုးအောင်၊ အမြဲတမ်းတက်တက်ကြွကြွဖြစ်နေအောင် ထရိန်နင်ပေးတာမျိုးတွေ လုပ်ခိုင်းသင့်ပါတယ်။ ဒါမှမဟုတ်လည်း သူတို့ကို ခေါ်ပြီးခရီးထွက်တာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ရက်ရှည်ခရီးမထွက်နိုင်ရင်တောင် ရံဖန်ရံခါဆိုသလို သူတို့ကို ကားထဲထည့်ခေါ်ပြီး အပြင်လျှောက်လည်တာမျိုး လုပ်ပေးနိုင်ပါတယ်။ တကယ်လို့ ကိုယ့်ခွေးက တေးဂီတကြိုက်တယ်ဆိုရင်တော့ သီချင်းလေးဖွင့်ပြီး သူနဲ့အတူ ကပေးနိုင်ပါတယ်။ နို့မဟုတ်ရင်လည်း ခွေးလေးကို ပန်းခြံထဲခေါ်ပြီး ဖရစ်စ်ဘီပစ်ကစားတာမျိုးတွေကို အတူဆော့ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အိမ်က ခွေး၊ ကြောင်လေးတွေရဲ့ အပြုအမူကို သတိပြုစောင့်ကြည့်သင့်ပြီး လိုအပ်ရင် အခုလို အကူအညီပေးကြဖို့ ဖော်ပြပေးလိုက်ရပါတော့တယ်။

လင်းလင်း (ShweMom)

SHARE