ကုန်ကျစရိတ်အနည်းဆုံးဖြစ်အောင် ဆေးခန်းဘယ်လိုပြကြမလဲ…

unsplash/ Martha Dominguez de Gouveia

အထူးကုဆေးရုံဆေးခန်းတွေမှာ ဆေးကုသမှုခံယူရတာဟာ စိတ်ဖိစီးစရာပါ။ ဆရာဝန်က ဘာတွေ ထပ်စစ်ခိုင်းဦးမလဲ၊ ပါလာတဲ့ငွေနဲ့ရော လောက်ငှပါ့မလား၊ ဆေးဝယ်ဖို့ရော လောက်ပမလား စတာတွေကို လူနာတိုင်းလိုလို ခံစားဖူးကြပါတယ်။ ဆေးရုံဆေးခန်းတစ်ခုကို မသွားပြခင်မှာ ကုသမယ့် ဆရာဝန်ရဲ့ စမ်းသပ်ခအပါအ၀င် ဘာစရိတ်တွေရော ရှိနိုင်သေးလဲဆိုတာ အရင်တွက်ချက်သင့်ပါတယ်။ ဒါကြောင့် ဆေးရုံဆေးခန်းသွားလို့ စုစုပေါင်းဘေထွက်လာတဲ့အခါကျမှ ရှော့ခ်မဖြစ်ရလေအောင် အောက်ပါနည်းလမ်းလေးတွေကို ကြိုတင်စဉ်းစားသွားသင့်ပါတယ်။

ကိုယ့်နားပတ်ဝန်းကျင်က ဆေးရုံဆေးခန်းတွေကို လေ့လာပါ

ကိုယ့်ရပ်ကွက်၊ ပတ်ဝန်းကျင်အနီးမှာရှိတဲ့ ဆေးရုံ ဆေးခန်းတွေအကြောင်း လေ့လာပါ။ ပြဖူးသူတွေကို မေးကြည့်ပါ။ တစ်ချို့ရပ်ကွက်တွေမှာဆိုရင် ကုသိုလ်ဖြစ် စေတနာ့ဆေးခန်းတွေ ဖွင့်လှစ်ထားတာ ရှိပါတယ်။ ရောဂါကြီးကြီးမားမား မဟုတ်ပဲ အာဂန္တုရောဂါလောက်ဆိုရင် ဒီလိုဆေးခန်းလေးတွေမှာ ပြနိုင်ပါတယ်။ ဒီလိုဆေးခန်းမျိုးဟာ ဆေးဖိုးဝါးခအနည်းအကျဉ်းပဲကျပြီး ကာကွယ်ဆေးထိုးပေးတာ ၊ သွေးစစ်ပေးတာ စတာမျိုးတွေကို ဈေးနှုန်းချိုချိုနဲ့ ၀န်ဆောင်မှု ပေးနိုင်ပါတယ်။

READ
နေ့စဉ်အသုံးစရိတ်လျော့ချနိုင်တဲ့နေရာများ

ဆရာဝန်ကို အသေးစိတ်မေးမြန်းပါ

ကိုယ့်ရောဂါအခြေအနေဟာ ခွဲစိတ်မှုပြုလုပ်ရမယ့် အခြေအနေဆိုရင် လက်ရှိပြနေတဲ့ ဆရာဝန်ကို ခွဲစိတ်မှုပြုလုပ်မယ့် ဆေးရုံဆေးခန်းအကြောင်းကို သေချာမေးမြန်းပါ။ ဘယ်ဆေးရုံမှာခွဲရင်တော့ စုစုပေါင်း ကုန်ကျစရိတ် ဘယ်လောက်ရှိနိုင်မလဲဆိုတာ မေးမြန်းထားသင့်ပါတယ်။ အကြောင်းရင်းက တကယ်တော့ ဘယ်ဆေးရုံမှာပဲ ခွဲခွဲ၊ ခွဲစိတ်စရိတ်တွေက အကြမ်းဖြင်း အတူတူပဲဖြစ်ပြီး လူနာအနေနဲ့ နေရထိုင်ရတာ ပိုပြီး ဇိမ်ကျမကျပေါ်မူတည်ကာ ဆေးရုံစရိတ်တွေက ကွာခြားသွားတာပဲ ဖြစ်ပါတယ်။

ပြည်သူ့ဆေးရုံကြီးဆီ သွားပါ

အပြင်က အထူးကု ဆေးရုံဆေးခန်းကြီးတွေကတော့ စရိတ်စက သိပ်များပါတယ်။ တကယ်လို့ ကိုယ်က အချိန်ပေးနိုင်တယ်၊ ဆေးဖိုးငွေကြေးလည်း အများကြီး မတတ်နိုင်ဘူးဆိုရင်တော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုသာ သွားပြသင့်ပါတယ်။ ဆေးရုံကြီးမှာတော့ ပစ္စည်းကိရိယာစုံလင်သလို ဆရာဝန်တွေကလည်း (၂၄) နာရီမပြတ် ရှိပါတယ်။

unsplash/Online Marketing

ခံတွင်းကျန်းမာရေးကို ပုံမှန်စစ်ဆေးပါ

ခံတွင်းကျန်းမာရေးဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ မစားနိုင် မသောက်နိုင်နဲ့ တစ်ခါတစ်လေ ကိုက်လွန်းလို့ တစ်ညလုံး မအိပ်နိုင်အောင် သွားက ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူတွေ အနေနဲ့ ခံတွင်းကျန်းမာရေးအတွက် အနည်းဆုံး (၆) လတစ်ခါလောက်တော့ သွားဆရာဝန်ဆီ သွားသင့်ပါတယ်။ နို့မဟုတ်ပဲ သွားဖုံးထဲပြည်တည်၊ သွားတွေပျက်စီးလောက်တဲ့ အချိန်မှသွားပြရရင်တော့ လူလည်း ပိုခံရမယ့်အပြင် ငွေလည်း ပိုကုန်မှာပါ။ တစ်ချို့ဆေးခန်းတွေဆိုရင် သွားတုတစ်ချောင်းအတွက်တင် ငွေ(၄-၅) သိန်းလောက် ပေးရပါတယ်။

READ
အစားထိုးမရနိုင်တဲ့ ဖိုးဖိုး၊ဖွားဖွားတို့ရဲ့ ချစ်စရာအကောင်းဆုံးအချက်လေးတွေ

ဆေးကုသစရိတ်ထွက်လာတဲ့အခါ အမြဲတမ်းပြန်စစ်ပါ

ဥပမာ အထူးကုဆေးရုံတက်တဲ့အခါမျိုးတွေဆိုရင် ဘေထွက်လာလို့ ကိုယ်ခန့်မှန်းထားတာထက် သိပ်များနေရင် ဘေထဲမှာ ရေးသားထားတဲ့ ၀န်ဆောင်မှုတွေကို ပြန်စစ်ဆေးကြည့်ပါ။ တကယ်လို့ ကိုယ့်ကိုလည်းအသိမပေး၊ ကိုယ်မသုံးထားတဲ့ ၀န်ဆောင်မှုတွေကိုလည်း ဆေးရုံက သူ့သဘောနဲ့သူ ၀န်ဆောင်မှုစရိတ်တွေကို ထည့်သွင်းတွက်ချက်ထားတယ်ဆိုရင်တော့ ရုံးခန်းကိုသာ အမြန်ဆုံးဆက်သွယ်မေးမြန်းကြည့်သင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE