ကမ္ဘာကျော်ဓာတ်ပုံများရဲ့နောက်ကွယ်က စိတ်ဝင်စားစရာ သမိုင်းကြောင်းများ အပိုင်း ၂

ဓာတ်ပုံပညာရပ်ဆိုတာ shutter အပိတ်အဖွင့်ကြားက ခံစားမှု အမှတ်တရတွေကို ပုံရိပ်ထောင်ချောက်ထဲ ထည့်ပိတ်ထားနိုင်တဲ့ ပညာရပ်တစ်ခုပါ။ ဒီအနုပညာဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ တစ်နေ့ထက်တစ်နေ့ စိတ်ဝင်စားချစ်ခင်ခြင်းကို တိုးပြီး ခံနေခဲ့ရပါတယ်။ ကမ္ဘာကျော်ဓာတ်ပုံများနဲ့ သူတို့ရဲ့ အဲဒီအချိန်ကာလတုန်းက ဖြစ်ပျက်ခဲ့တဲ့ မှတ်တမ်းအကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။ ( အပိုင်း ၁ ကို ဤတွင်နှိပ်၍ဖတ်နိုင်ပါတယ်။ )

boredpanda

ဒီအမျိုးသားသုံးယောက်ကြောင့်သာမဟုတ်ရင် သန်းနဲ့ချီတဲ့နိုင်ငံအနှံ့ကလူသားတွေ သေကြေပျက်ဆီးကာ ဒုက္ခရောက်ကုန်ကြရမှာပါ။ ဓာတ်ပုံရဲ့ ဒုတိယမြောက်ဘယ်ဘက်ကအမျိုးသားဟာ Alexei Ananeniko ဖြစ်ပြီး အင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်။ အလယ်မှာရှိနေတဲ့အမျိုးသားနဲ့ ဓာတ်ပုံရဲ့ ညာဘက်အနောက်မှာကွယ်နေသူတွေကတော့ Valeri Bezpalov နဲ့ Boris Baranov ဆိုတဲ့ စစ်သားတွေပါ။ သူတို့သုံးယောက်ဟာ ယူကရိန်းရဲ့ Chernobyl မှာ နျူကလိယနဲ့ပတ်သက်လို့ ရုတ်တရက်ဖြစ်ပွားခဲ့တဲ့ ကပ်ဘေးမှ အခြားနိုင်ငံတွေကိုပါ မထိခိုက်အောင် ကာကွယ်ပေးခဲ့တဲ့ သူရဲကောင်းတွေဖြစ်ပါတယ်။ Chernobyl နျူကလိယကပ်ဘေးကိုတော့ လူတိုင်းသိကြပြီး သူတို့ သုံးဦးရဲ့ သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကိုတော့  သိပ်မသိဘဲရှိခဲ့ကြပါတယ်။ ရေဒီယိုသတ္တိကြွဓာတ်ပေါင်းဖိုကြီးထဲက ချော်ရည်လိုပူပြီး အဆိပ်ရှိတဲ့ အရည်တွေကို အအေးခံပြီး အန္တရာယ်ကင်းစွာရှိနေစေဖို့အတွက် ဓာတ်ပေါင်းဖိုရဲ့အောက်မှာ ရေကန်လိုမျိုးလေးရှိပါတယ်။ အအေးခံစနစ်ပျက်ယွင်းသွားခဲ့ရင်တော့ အရည်တွေဟာ ရေကန်ထဲကို စိမ့်ဝင်လာပြီး အပူနဲ့အအေဓာတ်ပြုကာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးဖြစ်ပေါ်ကာ Europe အပြင် အာရှနဲ့ အာဖရိကတို့ရဲ့ လေထုတွေထဲ ပေါက်ကွဲမှုအကျိုးဆက်အနေနဲ့ အဆိပ်ငွေ့တွေ ပျံ့နှံ့သွားနိုင်ပါတယ်။ ဒါကြောင့်ပဲ လူတွေသန်းနဲ့ချီသေကြေပျက်ဆီးနိုင်ပါတယ်။ ၁၉၈၆ ခုနှစ်တုန်းက သက်စွန့်စံဖျား လုပ်အားပေးအနေနဲ့ ဓာတ်ပေါင်းဖို့အောက်ကကန်ထဲဝင်ကာ ပိတ်ဆို့နေတာတွေဖယ်ရှားပြီး ယိုယွင်းနေတဲ့အအေးခံစနစ်ကို ပြန်ပြင်ခဲ့သူတွေပါ။ ကံကောင်းစွာနဲ့ သုံးယောက်စလုံးမှာ ထိခိုက်ဒဏ်ရာမရှိခဲ့သလို နောက်ဆက်တွဲရောဂါလက္ခဏာတွေလည်း မပြခဲ့ပါဘူး။

boredpanda

ဒီဓာတ်ပုံကိုတော့ Jacques Gourmelen ဆိုသူမှ ရိုက်ကူးထားခဲ့မိတာပါ။ ပြင်သစ်၊ Brittany ဒေသခံတွေကြားထဲ လူမသိသူမရှိလောက်အောင် ကျော်ကြားခဲ့တဲ့ ဓာတ်ပုံတစ်ပုံဆိုရင်လည်း မမှားပါဘူး။ ဓာတ်ပုံတွေနောက်ကွယ်မှာ သိပ်ကိုလေးနက်တဲ့ ခံစားချက်တွေ၊ ရိုက်ကူးစဉ်ကအခြေအနေတွေရှိနေတယ်ဆိုတာကို သက်သေပြသွားခဲ့တဲ့ ပုံကောင်းတစ်ပုံပဲဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ် ဧပြီလ၊ ၆ ရက်နေ့တုန်းက Saint-Brieuc မှာ Joint Français ကုမ္ပဏီကအလုပ်သမားတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲကို ထိန်းသိမ်းဖို့အတွက် ပြင်သစ်တပ်ဖွဲ့ CRS ကို စေလွှတ်ခဲ့တဲ့အတထိ ဖြစ်ခဲ့တာပါ။ ဓာတ်ပုံရဲ့ဇာတ်လမ်းလေးကတော့ တစ်ဘက်မှာတွေ့ရတဲ့ အရပ်ဝတ်နဲ့အမျိုးသားနဲ့ တာဝန်ဝတ်စုံဝတ်ထားတဲ့ တပ်သားနဲ့ဟာ သိပ်ချစ်ရတဲ့ ငယ်သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်မျက်မှန်းတမ်းမိတဲ့အချိန်မှာတော့ ဆန္ဒပြသူတွေထဲပါဝင်နေတဲ့အမျိုးသားဟာ ရဲတပ်ဖွဲ့ဝင်ဖြစ်နေသူကို အင်္ကျီစဆွဲကာ “အခွင့်ရှိတုန်းငါ့ကိုရိုက်စမ်းပါ” ဆိုပြီး ငိုကာပြောခဲ့ပါတယ်။ သို့ပေမယ့် တပ်သားကတော့ ငယ်သူချင်းသံယောဇဉ်ကြောင့် “ကိုယ်ထိလက်ရောက်ကျူးလွန်ရင် ရိုက်ရမယ်ဆိုတဲ့ အမိန့်” ကို အံတုကာ တုပ်တုပ်တောင်မလှုပ်ဘဲ တွေတွေကြီးစိုက်ကြည့်ကာနေခဲ့တာပါ။

READ
အိမ်ရှင်မတို့ရဲ့ အစားအသောက်တွေ ကြာရှည်ခံစေမယ့် နည်းလမ်း(၁၀)မျိုး
boredpanda

“4 Children for Sale” တဲ့။ ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးခဲ့တဲ့ ကလေးလေးတွေကို ဘယ်မိခင်ကတော့ ငွေကြေးနဲ့လဲချင်ပါ့မလဲ။ ဒါပေမဲ့ ၁၉၄၈ ခုနှစ်တုန်းကဆိုတော့ တစ်ကမ္ဘာလုံးနီးပါး စစ်ဒဏ်ခံစားနေရစဉ် အလုပ်တွေ ပိတ်ထားလို့ ဝင်ငွေကလည်းမရှိ၊ အစိုးရကပေးတဲ့ အစားအစာတွေကိလည်း ရာရှင်နဲ့ဆိုတော့ လူဆင်းရဲမပြောနဲ့ လူလတ်တန်းစားမိသားစုတွေတောင် တော်တော်ကြီး ကုန်းကောက်စရာမရှိအောင်ကို ဆင်းရဲဒုက္ခတွေ ခံခဲ့ရတာပါ။ သားသမီးတွေကို ရောင်းစားရလို့ ရှက်ကာမျက်နှာကွယ်ထားသူကတော့ ကလေးတွေရဲ့မိခင်ပဲဖြစ်ပါတယ်။ သူမဟာ အသက် ၂၄ နှစ်သာရှိသေးပြီး အဲဒီအချိန်တုန်းက ဗိုက်ထဲမှာ ၅ ယောက်မြောက်ကလေးကိုလည်း ကိုယ်ဝန်လွယ်ထားနေရပါတယ်။ ကလေးတွေအကုန်လုံးကိုတော့ တကယ်ကြီးတကွဲတပြားဆီ ဝယ်သွားတာခံခဲ့ရပေမယ့် ကောလဟာလအရ ကျွန်အဖြစ် ခိုင်းစေခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီဓာတ်ပုံဟာလည်း သမိုင်းတစ်လျှောက် စစ်ပွဲပုံရိပ်ကို ထင်ဟပ်စေတဲ့ပုံအဖြစ် ထင်ရှားခဲ့ပါတယ်။

READ
အစာမရှိသေးချိန်မှာ လုံးဝမစားသင့်တဲ့ အစားအစာများ
boredpanda

ဒါကတော့ အိုစမာဘင်လာဒင်ရဲ့ ငယ်စဉ်က မိသားစုကြီးနဲ့အတူ ဆွီဒင်မှာအပန်းဖြေခရီးထွက်တုန်း ရိုက်ကူးထားတဲ့ ပုံရိပ်ပါ။ ၁၉၇၁ ခုနှစ်တုန်းကလို့ ဆိုကြပါတယ်။ ပုံရဲ့ ဘယ်ဘက်ကရေရင် ၂ ယောက်မြောက်မှာ အညိုရောင်ရှပ်အင်္ကျီဝတ်ထားတဲ့ ၁၄ နှစ်အရွယ် အိုစမာဘင်လာဒင်ကို တွေ့ရမှာပါ။

boredpanda

မသိရင် သင်္ဘောကိုယ်ထည်တစ်ဝက်နဲ့ လုပ်သားတွေ ပုံမှန်အတိုင်းဆိပ်ကမ်းမှာအလုပ်လုပ်နေတယ်လို့ ထင်ရမှာပါ။ ဒီပုံဟာ ၁၉၄၇ ခုနှစ် ဧပြီလ ၁၄ ရက်နေ့တုန်းက ရိုက်ကူးထားတဲ့ပုံဖြစ်ပြီး ဖြစ်ရပ်ဆိုးကြီးကျရောက်နေစဉ် အချိန်ပဲဖြစ်ပါတယ်။ ပုံမှာမြင်တွေ့နေရတဲ့ သင်္ဘောဟာ SS Grandcamp လို့ခေါ်ပါတယ်။ ပုံရဲ့ဘယ်ဘက်ထိပ်နားမှာ အမည်းရောင်မီးခိုးလုံးကြီးကို သတိထားမိကြမှာပါ။ SS Grandcamp မီးလောင်စဉ်ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပြီး အောက်ကလူတွေက သာမန်လုပ်သားတွေမဟုတ်ဘဲ Texas မြို့က လုပ်အားပေးမီးသတ်အရာရှိတွေပါ။ ဒီပုံရိုက်ပြီးမကြာခင်မှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး နျူကလိယဒဏ်ကြောင့်မဟုတ်ဘဲ သာမန်ပေါက်ကွဲမှုထဲ အကြီးမားဆုံးထဲကတစ်ခုအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် လူပေါင်း ၅၀၀၀ ကျော် ဒဏ်ရာတွေရရှကာ ၄၆၈ ယောက်ကတော့ အသက်ဆုံးရှုံးသွားခဲ့ရပါတယ်။

boredpanda

ဒီဓာတ်ပုံကတော့ နာမည်ကျော် “Iran Diary: 1971-2002” ဆိုတဲ့ ဓာတ်ပုံစာအုပ်ထဲက လူတွေရဲ့ရင်ထဲအထိဆုံး ဓာတ်ပုံတွေထဲက တစ်ခုဖြစ်ပါတယ်။ ၁၉၇၈ ခုနှစ်တုန်းက Tehran မြို့မှာ မြင်တွေ့ခဲ့ရတဲ့ ပုံရိပ်ကို ပြင်သစ်ဓာတ်ပုံဆရာ Abbas  မှ အမိအရဖမ်းယူရိုက်ကူးနိုင်ခဲ့တာပါ။ အမျိုးသားတစ်ဦးဟာ စစ်တပ်လူအုပ်ထဲကို သေနတ်နဲ့ပစ်လိုက်လို့ သေသွားတဲ့ သူငယ်ချင်းရဲ့ ဖိနပ်လေးနှစ်ဖက်ကို ကိုင်ကာ တပ်သားတွေကို ပြပြီး ငိုကြွေးနေခဲ့တာပါ။ တပ်သားတစ်ယောက်ကတော့ ပစ်သွားတာ သူတို့အဖွဲ့မဟုတ်ကြောင်းရှင်းပြရင်း အခြေအနေတွေ တင်းမာကာ စကားများနေကြတဲ့ပုံလေးပါ။

Source: Boredpanda

Penny

SHARE