အမေရိကန်ထုတ်ပစ္စည်းတွေမပါတဲ့ ဖုန်းတစ်လုံးကို Huawei မိတ်ဆက်မည်

YouTube_Huawei

တရုတ်နိုင်ငံအခြေခံစိုက်မိုဘိုင်းဖုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Huawei ကို ဦးတည်ထားပြီး တခြားတရုတ်နိုင်ငံအခြေစိုက်နည်းပညာ ကုမ္ပဏီတွေ နဲ့ အမေရိကန်သမ္မတမဒေါ်နယ်ထရန့်တို့ကြားက ပြဿနာတွေဟာ ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာအကြောင်းပြချက်နဲ့ Huawei ကုမ္ပဏီနဲ့  တရုတ်တခြားနည်းပညာကုမ္ပဏီတွေကို အမေရိကန်အစိုးရက ပိတ်ပင်ခဲ့တာပါ။ အခုအချိန်မှာတော့ အဲဒီတားဆီးပိတ်ပင်မှုတွေဟာ ပြေလည်သွားပြီဖြစ်ပါတယ်။ဒီ ဖြစ်ရပ်ကနေ တရုတ်နိုင်ငံ အခြေစိုက်မိုဘိုင်းဖုန်းထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် သင်ခန်းစာကောင်းကောင်းရခဲ့ပါတယ်။

 

အဲဒါကတော့ တရုတ်နိုင်ငံထုတ်ဖုန်းတွေမှာ အမေရိကန်နဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေ၊ အမေရိကန်အစိုးရရဲ့ လက်အောက်မှာ ရှိနေတဲ့ နည်းပညာကုမ္ပဏီကြီးတွေရဲ့ ထောက်ပံ့မှုတစ်စုံတစ်ရာမပါဘဲ နိုင်ငံတွင်းဖန်တီးထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ၊ နည်းပညာတွေ၊ App တွေနဲ့ ရှေ့ဆက်သွားနိုင်ဖို့ပဲဖြစ်ပါတယ်။

အခု Huawei ကုမ္ပဏီဘက်က သိပ်မကြာခင်မှာ ဈေးကွက်အတွင်း ဖြန့်ချိမယ့် Mate 30 မှာ အမေရိကန်နိုင်ငံက ထုတ်လုပ်တဲ့ ပစ္စည်းတွေ မပါဝင်တဲ့ ဖုန်းတစ်လုံးအဖြစ် ရောက်ရှိလာတော့မယ့်အကြောင်း ကြေငြာခဲ့ပါတယ်။ အမေရိကန်ကုမ္ပဏီတွေဆီက ပစ္စည်းတွေ မပါဝင်မယ့် ဖုန်းတစ်လုံးလို့ ဆိုပေမယ့် တရုတ်နိုင်ငံတွင်းမှာပဲ ဖန်တီးထုတ်လုပ်ထားတဲ့ ပစ္စည်းတွေချည်းပဲတော့ မဟုတ်ပါဘူး။ နယ်သာလန်နိုင်ငံ၊ ဂျပန်နိုင်ငံနဲ့ အခြားသော ဥရောပနိုင်ငံတွေက နည်းပညာကုမ္ပဏီတွေဆီကနေ ဝယ်ယူပြီး ဖုန်းအတွင်းမှာ ထည့်သွင်းထားမှာပဲဖြစ်ပါတယ်။

Huawei ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကတော့ ဒီလိုလုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး “ဒါတွေဟာ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာတဲ့ ကိစ္စတွေပဲ။ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမရှိပါဘူး။ ဒါ့ကြောင့် အမေရိကန်မဟုတ်တဲ့ တခြားရင်းသမြစ်တွေဆီကနေ ပစ္စည်းတွေရဖို့အတွက် ကျွန်တော်တို့ ရှာဖွေရတာပါ” လို့ The Wall Street Journal ကို ပြောဆိုခဲ့ပါတယ်။

Huawei ဘက်က အမေရိကန်ထုတ်ပစ္စည်းတွေမသုံးတဲ့ ဖုန်းတစ်လုံးအကြောင်းကို ပြောဆိုနေပေမယ့် ရာနှုန်းပြည့် non-US ဖုန်းတစ်လုံးတော့ ဖြစ်မလာသေးပါဘူး။ chipset ထုတ်လုပ်ရေးမှာ နာမည်ကြီး အမေရိကန်ကုမ္ပဏီဖြစ်တဲ့ Qualcomm ရဲ့ chipset တွေ ပါဝင်နေပါတယ်။ ဒါ့အပြင် တခြားသော ဖုန်းရဲ့ အရေးကြီးအစိတ်အပိုင်းတွေမှာလည်း အမေရိကန်ကုမ္ပဏီကြီးတွေရဲ့ ပစ္စည်းတွေ ပါဝင်နေဆဲပါ။

တကယ်လို့သာ ရာနှုန်းပြည့် non-US ဖုန်းတစ်လုံးသာ ဖြစ်လာခဲ့မယ့်ဆိုရင် Huawei ကုမ္ပဏီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ အဲဒါကတော့ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေက ပစ္စည်းတွေ၊ App တွေမပါဝင်တဲ့ ဖုန်းတစ်လုံးကို တရုတ်နိုင်ငံက မဟုတ်တဲ့ တခြားနိုင်ငံက လူတွေက ဝယ်ပါ့မလား၊ အသုံးပြုပါ့မလားဆိုတဲ့ စိန်ခေါ်ချက်ပါပဲ။

Ye Yint Kyaw

SHARE