သူနဲ့ထိုက်တန်မယ့် ‘ဟဲးဗီးဝိတ်ချစ်သူတစ်ဦး’အလိုရှိနေကြောင်း ဆိုလိုက်တဲ့ “Hulk”လူသား

YouTube/ArbabKhizer

ပေါင်(၉၀၀)လောက်အလေးချိန်ရှိပြီး သက်ရှိ “Hulk”လို့ တင်စားခြင်းခံထားရတဲ့ အမျိုးသားက သူ့အနေနဲ့သာမန် အမျိုးသမီးမျိုးနဲ့ လက်မတွဲလိုကြောင်း၊ အကြမ်းခံနိုင်တဲ့ ဟဲဗီးဝိတ်အမျိုးသမီးမျိုးနဲ့သာ သူက သင့်တော်မှာဖြစ်ကြောင်း ဖွင့်ဟခဲ့တယ်လို့ DailyMail သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဧရာမလူသားကြီးရဲ့အမည်ကတော့ Arbab Khizer Hayat ဖြစ်ပြီး၊ အခုမှ အသက်(၂၇)ပဲ ရှိသေးတာပါ။

တစ်နေ့ကို ကယ်လိုရီ(၁၀၀၀၀)နီးပါး စားသုံးပြီး၊ ပါကစ္စတန်မှာတော့ အသန်ဆုံးလူသားလို့တောင် ဆိုကြပါတယ်။ သူရှာဖွေနေတဲ့ ချစ်သူအမျိုးသမီးအနေနဲ့လည်း အနည်းဆုံး (၁၆)စတုံလောက်တော့ ရှိရမယ်လို့ ဆိုပါတယ်။ မဟုတ်ရင် သူ့ကြောင့် စိစိညက်ညက် ကျေသွားနိုင်လို့ပါတဲ့။

Arbab ရဲ့အရပ်ဟာ (၆)ပေ (၆)လက်မအထိရှိပြီး၊ ပေါင်ချိန်အားဖြင့်တော့ (၁၀၀၀)လောက်ထိ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ သူဟာ တစ်ရက်မှာ အသား (၆.၆)ပေါင်အထိ စားပါသတဲ့။ သူဟာ လွန်ခဲ့တဲ့ (၇)နှစ်လောက်ကတည်းက အမျိုးသမီးလှလှလေး ရှာဖွေနေပြီး၊ ကမ်းလှမ်းလာတဲ့ အမျိုးသမီး(၃၀၀)ကျော်ကိုတော့ သူနဲ့ မသင့်တော်လို့ ငြင်းခဲ့ရပါသတဲ့။

တော်ရုံအမျိုးသမီးလောက်ကတော့ သူရဲ့ ခန္ဓာကိုယ်အလေးချိန်ကြီးရဲ့အောက်မှာ အရိုးကျိုးတာတွေဘာတွေ ဖြစ်သွားနိုင်ပါတယ်။ ဆိတ်ကို ဆင်က တက်ဖိသလို ဖြစ်မှာစိုးလို့ထင်ပါတယ်။ သူက “ ပေါင်ချိန် (၂၂၀)လောက် လေးမယ့် နောက်ပြီး အရပ်အားဖြင့် (၆)ပေ (၄)လက်မလောက်ရှိမယ့် အမျိုးသမီးတစ်ဦးဦးနဲ့ တွေ့ချင်ပါတယ် … ဒီလိုမှ ကျွန်တော်တို့ နေနဲ့လ ရွှေနဲ့မြ ဖြစ်နိုင်မှာပါ ”လို့ ပြောခဲ့ပါတယ်။

သူက ဆက်လက်ပြီး “ ဟဲဗီးဝိတ်မယ် ဇနီးတစ်ယောက် လိုချင်တာပါ .. .ဒါမှ ကျွန်တော်က သူမကို မနာကျင်စေမှာလေ … ကျွန်တော့်ကို လက်ထပ်လိုတဲ့ မိန်းမသားတွေကလည်း ပိန်ပိန်ပါးပါးတွေ ဖြစ်နေကြတော့ အဆင်မပြေဘူးလေ … မိဘတွေကလည်း လက်ထပ်စေချင်နေပါပြီ … သူတို့က မြေးချီချင်နေကြပြီ … ဒါပေမယ့် အခုထိ သင့်တော်မယ့်သူ မတွေ့ရသေးဘူး ”လို့ ပြောခဲ့ပါတယ်။

Arbab ဟာ ပါကစ္စတန်မှာ ယခင်တုန်းက ထရပ်ကားတွေကို အလွတ်ဆွဲပြခြင်း၊ အလေးအပင်များကို မပြခြင်း စတဲ့စတန့်တွေကနေ လူသိပိုများလာခဲ့သူပါ။ သူဟာ မနက်စာအဖြစ် ကြက်ဥ(၃၆)လုံးနဲ့၊ နွားနို(၅)လီတာ စားသုံးပါတယ်။ နောက်ပြီး နေ့ခင်းစာဆိုရင် ဆန်ထမင်း ပန်းကန်များစွာနဲ့ ပေါင်မုန့်ကို စားသုံးပါတယ်။

တစ်ချို့ကလည်း အသက်ရှည်လိုလျှင် အစားအသောက် ဆင်ခြင်ပြီး ကိုယ်အလေးချိန်လျှော့ဖို့ တိုက်တွန်းမှုတွေရှိသော်လည်း သူကတော့ “ ကျွန်တော့်မှာ ဆေးကုသရမယ့် ရောဂါ မရှိပါဘူး … ကျွန်တော်က ကိုယ့်အလေးချိန်နဲ့ ကိုက်ညီတဲ့ ကျန်းမာရေးကို ပိုင်ဆိုင်ထားပါတယ် … ဒါပေမယ့် ကျွန်တော် လေ့ကျင့်ခန်း လုပ်ပါတယ် … နောက်ပြီး ကမ္ဘာ့အသန်ဆုံးလူသား ဖြစ်လာစေဖို့ အစားလည်း စားတယ် ”လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE