မိုင်(၁၀၀၀)ခရီးကို ဆီဖြည့်စရာမလိုဘဲ မောင်းနှင်နိုင်မယ့် ဟိုက်ဒရိုဂျင်စွမ်းအင်သုံးကားသစ်

Hyperion_Inc

အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Hyperion ကတော့ ၎င်းတိုရဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားအသစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အဆိုပါကားဟာ အနာဂတ် ကားလောကရဲ့ရေစီးကြောင်းကိုတောင် ပြောင်းလဲစေနိုင်မယ်လို့ ယူဆရပြီး၊ ဆီခဏခဏဖြည့်ရတဲ့ ဒရိုင်ဘာတွေရဲ့ ညည်းတွားမှုတွေကို အသံတိတ်စေမှာပါ။

အဆိုပါကားအမည်ကတော့ Hyperion XP-1 ဖြစ်ပါတယ်။ မိုင်(၁၀၀၀)ခရီးကို ဆီဖြည့်စရာမလိုဘဲ သက်တောင့်သက်သာ မောင်းနှင်နိုင်မယ့် ကားဖြစ်ပြီး၊ တစ်နာရီမြန်နှုန်းကတော့ (၂၂၀)mph အထိ ရှိတာကြောင့် အချိန်ကုန်သက်သာစေဖို့အတွက်လည်း အထောက်ပံ့ဖြစ်စေမှာပါ။

Hyperion_Inc

ကားရဲ့မြန်နှုန်းဟာ (၂.၂)စက္ကန့်မှာ 0-60 အထိ ရှိတာကြောင့်၊ ဒီစွမ်းဆောင်ရည်နဲ့ လောင်စာချွေတာနိုင်နှုန်းကလည်း လုံးဝမယုံနိုင်စရာ ဖြစ်စေပါလိမ့်မယ်။ ဟိုက်ဒရိုဂျင်စွမ်းအင်သက်သက်နဲ့ အင်ဂျင်စနစ်တွေကို လည်ပတ်စေတာဖြစ်တဲ့အတွက် ထွက်ရှိခဲ့တဲ့ ကားတွေထဲမှာတော့ eco-friendly အဖြစ်ဆုံးလို့တောင် ပြောလို့ရပါတယ်။

ကားရဲ့ကိုယ်ထည်ကိုလည်း သူများနဲ့မတူအောင် ထုတ်လုပ်ထားပါတယ်။ တိုက်တေနီယံကာဘွန်ဖိုင်ဘာ ကိုယ်ထည်ကို အသုံးပြုထားတာကြောင့် အကြမ်းခံနိုင်မှုမှာ စံနှုန်းတစ်ခု ဖြစ်လာမှာပါ။ နောက်ပြီး ၎င်းရဲ့ အိတ်ဇောကနေ ထုတ်လုပ်တဲ့ အငွေ့ကလည်း ရေငွေ့ဖြစ်လို့ သဘာဝပတ်ဝန်းကျင်အတွက် ကောင်းကျိုးဖြစ်စေမှာပါ။

Hyperion_Inc

အတွင်းပိုင်းပြင်ဆင်မှုကလည်း အံမခန်းပါ။ ရှေ့လေကာမှန်ဟာ (၉၈)လက်မရွယ် မှန်အကွေးကို သုံးထားပြီး၊ Touch-free control စနစ်နဲ့ မောင်းနှင်ရမှာ ဖြစ်ပါတယ်။ wraparound glass canopy ပေါင်းမိုး(အမိုး)ကို သုံးထားတာဖြစ်တဲ့အတွက်၊ ယာဉ်မောင်းကော လိုက်ပါစီးနင်းသူကိုပါ (၃၆၀)ဒီဂရီ မြင်ကွင်း ထောက်ပံ့ပေးသွားမှာပါ။

ဒါနဲ့ မလုံလောက်သေးဘူးဆိုရင် နောက်ခံတံခါးပိတ်ရဲ့ဘေးမှာ လေခွင်းဒြပ်စင်တွေ ထည့်သွင်းထားသလို၊ တံခါးတွေမှာ နေရောင်ခြည်စွမ်းအင်စနစ်လည်း တပ်ဆင်ထားတဲ့အတွက် နေကြာပန်းများကဲ့သို့ နေရောင်ခြည်လမ်းကြောင်းနဲ့ ကိုက်ညီတဲ့အနေအထားကို အလိုလျှောက်ပြောင်းလဲကာ ကားရဲ့စွမ်းအင်ကို တစ်နည်းတစ်ဖုံ ထောက်ပံ့ပေးမှာပါ။

Hyperion ရဲ့ CEO အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Angelo Kafantaris က “ လေကြောင်းအင်ဂျင်နီယာတွေအနေနဲ့ ဟိုက်ဒရိုဂျင်ဟာ စကြာဝဠာအတွင်းမှာ အပေါ့ပါးဆုံးနဲ့ အထိရောက်ဆုံး ဒြပ်စင်တစ်ခုဖြစ်တယ်ဆိုတာကို အစောကြီးကတည်းက နားလည်ထားခဲ့ကြပါတယ် အခု ဒီကားမှာလည်း ကာစတမ်မာတွေအနေနဲ့ အထူးခြားဆုံး အတွေ့အကြုံကို ခံစားရမှာပါ ”လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို

SHARE