အရက်မူးတဲ့အခါ မျက်နှာနီလာတတ်သူများ၊ အယ်လ်ဇိုင်းမားဖြစ်ဖို့ ပိုနီးစပ်

Twitter / @larra_akuh

အယ်လ်ဇိုင်းမားရောဂါဆိုတာ သက်ကြီးပိုင်းမှာ အဖြစ်များတဲ့ Dementia ရောဂါတစ်မျိုးဖြစ်ပြီး၊ ဦးနှောက်ဆဲလ်တွေ တဖြည်းဖြည်း အလုပ်မလုပ်ဘဲ သေကုန်တဲ့အတွက် မှတ်ဉာဏ်တွေဆုံးရှုံးခြင်း စတဲ့အခြေအနေတွေကို ရင်ဆိုင်ရစေတာ ဖြစ်ပါတယ်။ အခုလည်း ဒီရောဂါနဲ့ ဆက်စပ်နေတဲ့အခြေအနေတစ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်ပါတယ်။

အရက်သောက်တဲ့အခါတိုင်း မျက်နှာကြီး နီလာတတ်တဲ့အဖြစ်မျိုးကို အားလုံးနီးပါး ကိုယ်တိုင်မကြုံဖူးတောင် မြင်ဖူးပါလိမ့်မယ်။ ဒီအခြေအနေကို Asian flush လို့ ခေါ်ပြီး၊ အရက်သောက်တဲ့အခါမှာ လည်ပင်းနဲ့မျက်နှာတွေတစ်ဝိုက် နီးမြန်းလာတတ်တဲ့ သဘောကို ဆိုလိုပါတယ်။ ဒီအခြေအနေဟာ အယ်လ်ဇိုင်းမားနဲ့ ဆက်စပ်နေပါသတဲ့။

Stanford University School of Medicine ရဲ့ လေ့လာမှုအရ ဒီအခြေအနေဟာ အယ်လ်ဇိုင်းမားနဲ့ဆက်စပ်နေကြောင်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မျက်နှာ နီးမြန်းရခြင်းအကြောင်းအရင်းက Mitochondrial aldehyde dehydrogenase 2 (ALDH2) လို့ခေါ်တဲ့ မျိုးဗီဇသန္ဓေပြောင်းလဲခြင်းကြောင့် ဖြစ်တာပါ။

ALDH2 ဟာ အယ်လ်ဇိုင်းမားဝေဒနာရှင်တွေနဲ့ ကြွက်တွေရဲ့ ဆဲလ်တွေကို ထိခိုက်ပျက်စီးမှု ပိုများလာစေပြီး၊ အရက်သောက်တဲ့အခါမှာလည်း အဲဒီသဘောတရားကြောင့် တချို့သောမျက်နှာကြီးတွေ နီရဲလာတာဖြစ်တယ်လို့ ဆိုပါတယ်။ သောက်တဲ့အခါတိုင်း Asian flush ဖြစ်လေ၊ အယ်လ်ဇိုင်းမားရောဂါခံစားရဖို့ ပိုပြီးတော့ နီးစပ်လေလို့ ပညာရှင်တွေက ဆိုပါတယ်။

ဒေါက်တာ Daria Mochly-Rosen က “ ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်အလက်အတွေအရ အရက်နဲ့ အယ်လ်ဇိုင်းမားတို့ရဲ့ Disease Prone genes တွေက အယ်လ်ဇိုင်းမားဖြစ်ဖို့ ပိုပြီးတော့ အလားအလာများပါတယ် … ကျွန်မတို့ဟာ လူနာတွေရဲ့ ဆဲလ်တွေနဲ့ တိရစ္ဆာန်တွေရဲ့ဆဲလ်တွေကို လေ့လာရင်းနဲ့ တွေ့ရှိခဲ့တာပါ … အနာဂတ်မှာလည်း ရောဂါဆိုင်ရာလေ့လာမှုတွေ ဆက်ပြီး လုပ်နိုင်ဖွယ်ရှိပါတယ် ‘လို့ ပြောခဲ့ပါတယ်။

ALDH2 ဟာ ခန္ဓာကိုယ်အတွင်းက အလိုအလျှောက် ထုတ်ပေးတဲ့ ဇီဝထုတ်ကုန်တစ်မျိုးဖြစ်ပြီး၊ Aldehydes လို့ခေါ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။  ALDH2*2 genotype ကတော့ အဆိပ်ကို ဖယ်ရှားပေးနိုင်တဲ့စွမ်းရည် နိမ့်ပါးပါတယ်။ အရှေ့အာရှနယ်တစ်ဝိုက်မှာတော့ ALDH2*2 ဟာ ကောင်ကျိုးထက် ဆိုးကျိုးကိုပိုဖြစ်စေတယ်ဆိုတာ လေ့လာတွေ့ရှိရပြီး Acetaldehyde တွေကို ပိုမိုတိုးပွားစေပါတယ်။

ဒီအခြေအနေကနေ အရေအပြားဖြန်းခြင်း ရောင်ရမ်းခြင်းများကို ဖြစ်စေပါတယ်။ အရက်သောက်တိုင်း ALDH2*2 အခြေအနေပိုမိုဆိုးရွားလာခြင်းကြောင့် အယ်လ်ဇိုင်းမားနဲ့ ဆက်စပ်နေတယ်ဆိုသော်လည်း သာမန်ထက် ပမာဏဘယ်လောက်များများ ပိုပြီးဖြစ်နိုင်ခြေရှိတယ်ဆိုတာကိုတော့ ဆက်ပြီးလေ့လာနေတယ်လို့ ဒေါက်တာ Daria က ပြောခဲ့ပါတယ်။ အခြားတစ်ဖက်က တွေးရင်တော့ အရက်ကို လျှော့မယ်၊ ဖြတ်မယ်ဆိုရင်တော့ အယ်လ်ဇိုင်းမားနဲ့ ပိုပြီး ဝေးဝေးနေတဲ့သဘောလို့ ဆိုရမှာဖြစ်ပါတယ်။

လင်းသုတ

SHARE