ကလေးငယ်တွေနဲ့ ကြယ်သီးအရွယ် ဓာတ်ခဲပြားတွေရဲ့  ကြောက်မက်ဖွယ်အန္တရာယ်

အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို မိဘတွေအနေနဲ့ မျက်စိဒေါက်ထောက်ကြည့်ဖို့ သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေဟာ တစ်ခါတစ်လေ ဓာတ်ခဲ၊ ကော်စေ့စတဲ့ သေးသေးမွှားမွှားပစ္စည်းတွေကို ပါးစပ်ထဲ ကောက်ထည့်တတ်တာကြောင့်ပါ။ ဒီထဲက အန္တရာယ်များတာတစ်ခုကတော့ ကြယ်သီးအရွယ်အစား သာသာရှိတဲ့ ဓာတ်ခဲလေးတွေပဲ ဖြစ်ပါတယ်။ ကလေးကစားစရာတွေထဲမှာ ဒီဓာတ်ခဲတွေကို အလွယ်တကူတွေ့နိုင်ပါတယ်။

ဆာရာဟန်းစတက်ဒ်ဆိုသူ အမျိုးသမီးတစ်ဦးကတော့ အန္တရာယ်များတဲ့ ဒီဓာတ်ခဲပြားတွေနဲ့ ပတ်သက်ပြီး ကလေးတွေအတွက် ဘယ်လိုအန္တရာယ်ရှိတယ်ဆိုတာ ဖေ့စ်ဘုတ်မှာဖော်ပြထားတာကို Dailymail သတင်းဌာနကနေ တဆင့် သိရပါတယ်။ ဆာရာဟာ ကြက်သားဝယ်ပြီး ကြက်သားလွှာပေါ်မှာ ဘက်ထရီပြားတစ်ပြားကို တင်ကာ စမ်းသပ်ပြခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ဓာတ်ပုံနှစ်ပုံကို ယှဉ်ပြခဲ့ပြီး တစ်ပုံကတော့ ဓာတ်ခဲကို မိနစ်(၃၀)ကြာ ကြက်သားလွှာပေါ်မှာ တင်ထားတဲ့အခါ ဖြစ်လာတဲ့ပုံဖြစ်ပြီး နောက်တစ်ပုံကတော့ (၄) နာရီအကြာမှာ ဖြစ်လာပုံ ဖြစ်ပါတယ်။

Facebook/ CPR Kids

ကြည့်နေရင်းနဲ့ ကြက်သားလွှာဟာ မည်းလာပြီး တဖြည်းဖြည်းပျက်စီးလာတာကို တွေ့မြင်ရမှာပါ။ ဒါကြောင့် ကလေးပါးစပ်ထဲ ဘက်ထရီရောက်သွားခဲ့ရင်လည်း အခုလိုပဲ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ မိဘတွေအနေနဲ့ကတော့ တကယ်လို့များ ကိုယ့်ကလေးက အမှတ်မထင် ဘက်ထရီပြား၊ ဘက်ထရီသီးတွေကို မြိုချမိခဲ့ရင် အချိန်မဆွဲပဲနီးစပ်ရာ အရေးပေါ်ဆေးရုံဆေးခန်းတွေဆီသာ သွားပြဖို့ အကြံပြုချင်ပါတယ်။

READ
စက္ကန်း (၆၀)အတွင်း ချက်ချင်း အိပ်ပျော်သွားစေချင်ရင် .. ဒီနည်းတွေနဲ့ လုပ်ကြည့်ပါ။
Facebook/ CPR Kids

သြစတေးလျနိုင်ငံမှာလည်း အခုလို ဘက်ထရီပြားတွေကို မြိုချမိတဲ့ ကလေးငယ်အရေအတွက်ဟာ ကြောက်ခမန်းလိလိပါပဲ။ အထူးသဖြင့်တော့ ဘက်ထရီသေးသေးလေးတွေကို မြိုချမိတဲ့ အသက်အရွယ်ဟာ (၄)နှစ်အောက် ကလေးတွေ ဖြစ်ပါတယ်။ Button Battery လို့ ခေါ်ကြတဲ့ ဒီဘက်ထရီတွေဟာ ကစားစရာအရုပ်စက်တွေမှာ ပါလာတဲ့အခါ မိဘတွေအနေနဲ့ အလွယ်တကူလည်း မမြင်နိုင်ပါဘူး။ ဒီအတွက် ကလေးက ကစားစရာကို ဖြုတ်၊တပ်၊ဆော့ နေရင်းနဲ့ အခန့်မသင့်ရင် ပါးစပ်ထဲ ရောက်သွားနိုင်ပါတယ်။  တကယ်လို့ ၄င်းလီသီယမ်ဘက်ထရီသာ ကလေးလည်ပင်းမှာ တစ်နေမယ်ဆိုရင် ကလေးသွားရည်ကနေ လျှပ်စီးကြောင်းကို ဖြစ်စေပါတယ်။ အဲဒီကနေတဆင့် ဓာတ်ပြုပြီး အစာပြွန်မှာ သွားလောင်စေပါတယ်။ ဒါကြောင့် ကလေးက ချောင်းဆိုးလာတာ၊ သွားရည်တွေ ကျလာတာမျိုး ဖြစ်တတ်ပါတယ်။

ဒီတော့ မိဘတွေကို သတိပေးချင်တာကတစ်ခုက ကလေးတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အခုလို ဘက်ထရီတွေနဲ့ Button Battery တွေ အသုံးပြုထားတဲ့ ပစ္စည်းတွေကို အိမ်ထဲမှာ မထားဖို့ပါ။ ဒီလို ဘက်ထရီတွေသုံးထားတဲ့ ကစားစရာတွေကိုလည်း ဖြစ်နိုင်ရင် မ၀ယ်ပေးပါနဲ့။ တကယ်လို့ ကလေးကစားစရာ မဟုတ်ပဲ အခြား အသုံးအဆောင် ပစ္စည်းတစ်ခုခုထဲမှာ အခုလို ဘက်ထရီသေးတွေ ရှိနေမယ်ဆိုရင်လည်း ကလေးတွေလက်လှမ်းမှီတဲ့နေရာမှာ မထားမိအောင် ဂရုစိုက်သင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။

READ
ကျန်းမာပြီးကိုယ်အလေးချိန်ထိန်းသိမ်းနိုင်သော နည်းလမ်းကောင်း(၆)ခု

လင်းလင်း (ShweMom)

SHARE