ရေနစ်နေတဲ့ကြောင်လေးကို ခွေးလေးက ဆင်းကယ်ခဲ့တဲ့ ထူးထူးခြားခြား ဗီဒီယိုဖိုင်

အများအားဖြင့် ကြောင်တွေနဲ့ ခွေးတွေက သဘာဝချင်း သိပ်မတူတာကြောင့် ပေါင်းလို့မရတဲ့ သတ္တဝါတွေလို့ ပြောလို့ရပါတယ်။ ကြောင်တွေက ဘာသိဘာသာ နေတတ်တယ်၊ တစ်ခါတစ်လေ အပွတ်သပ် ခံချင်ပေမယ့် စိတ်အခန့်မသင့်ရင် ရန်လာစတဲ့သူကို လက်သည်းတစ်ချက်စာနဲ့ ပညာပြန်ပေးပစ်တယ်။ ခွေးတွေကကျ လူအရမ်းကပ်တယ်၊ သစ္စာလည်း အရမ်းရှိပြီး လူတွေရဲ့ ခံစားမှုတွေကို နားလည်လွယ်တယ်။

တူရကီနိုင်ငံက အမျိုးသမီးတစ်ယောက်ကတော့ ခွေးတွေနဲ့ ကြောင်တွေ ပေါင်းလို့မရဘူးဆိုတဲ့ အယူအဆကို ပြောင်းပြန်လှန်ပစ်လိုက်တဲ့ အဖြစ်အပျက် တစ်ခုကို ကြုံခဲ့ရပါတယ်။ အဖြစ်ကတော့ ကြောင်လေးတစ်ကောင်ဟာ ရေကန်ထဲ ပြုတ်ကျနေခဲ့စဉ် ခွေးလေးတစ်ကောင်က တက်ကြွစွာနဲ့ ချက်ချင်း ဆင်းကယ်ခဲ့တာ ဖြစ်ပါတယ်။

Twitter

ဗီဒီယိုထဲမှာ အရင်တွေ့ရတာကတော့ ကြောင်လေးက ရေထဲမြုပ်မှာစိုးပြီး တစ်နေရာမှာ ကုပ်တွယ်ကာ နေနေခဲ့ပါတယ်။ ခွေးလေး အနားကပ်လာချိန်မှာတော့ သူ့လက်သည်းနဲ့ လှမ်းဆွဲကာ အကူအညီယူခဲ့ပါသေးတယ်။ အလုပ်မဖြစ်တဲ့အခါ ခွေးလေးက သူကိုယ်တိုင် ရေထဲခုန်ချလိုက်ပြီး ကြောင်လေးကို သူ့ကျောပေါ်တင်လိုက်ကာ နှစ်ကောင်သား အပေါ်တက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကြောင်လေးပဲ အပေါ်ရောက်သွားခဲ့ပြီး ခွေးလေးကတော့ ရေထဲမှာ ကျန်ခဲ့ပါသေးတယ်။ ရေကျွမ်းတဲ့ ခွေးလေးလည်း ခဏအကြာမှာ အပေါ်ကို ပြန်တက်နိုင်ခဲ့ပါတယ်။

Twitter

ဗီဒီယိုကို ဝင်ကြည့်ကြတဲ့ အင်တာနက်ပေါ်က လူထုကတော့ အမျိုးမျိုး မှတ်ချက်တွေ ပေးကြလျက်ပါ။ ဒီလိုတွေဖြစ်နေတာကို လူတွေက ဝင်မကယ်ဘဲ ဘာကြောင့် ကင်မရာနဲ့ ရိုက်နေလဲဆိုတဲ့ လူတွေရှိသလို လူ့အကူအညီ မဖြစ်မနေ လိုတာ မဟုတ်လို့ သူ့တို့သဘာဝအတိုင်း ကိုယ့်ကိုယ်ကို လွတ်အောင် လုပ်တာ ပိုကောင်းတာဖြစ်ကြောင်း ပြန်ပြောသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၂ ကောင်လုံးက ချစ်စရာကောင်းပြီး ခွေးလေးကလည်း တကယ့်ဟီးရိုးလေးပါပဲ။

Ref: Unilad

SHARE