သမုဒ္ဒရာရေ မြင့်တက်လာမှုကြောင့် ကျွန်းတွေ စွန့်လွှတ်လိုက်ရတဲ့ အင်ဒိုနီးရှားနိုင်ငံ

Instagram/Syifa

အင်ဒိုနီးရှားနိုင်ငံကတော့ ကမ်းလွန်အတွင်း ၎င်းတို့ရေပိုင်နက်ထဲမှာရှိတဲ့ ကျွန်း(၂)ခုကို လက်လွှတ်လိုက်ရပြီလို့ CNN သတင်းဌာရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ ကျွန်းတွေကတော့ လူမနေတဲ့ ကျွန်းရိုင်းတွေလို့ သိရပါတယ်။ နောက်ထပ် ကျွန်း(၄)ခုကလည်း မကြာမီ နိုင်ငံမြေပုံထဲကနေ ပျောက်ကွယ်ဖို့ရှိနေပါတယ်။ ဒီလို ဖြစ်ရခြင်းက သမုဒ္ဒရာမြစ်ရေ လွန်ကဲစွာ မြင့်တက်လာမှုကြောင့်ပါ။

အခု စွန့်လွှတ်လိုက်ရတဲ့ ကျွန်း(၂)ခုကတော့ တောင်ပိုင်းဆူမားတြားနယ်မြေအပိုင်အတွင်း တည်ရှိပြီး၊ ရာသီဥတုဆိုးဆိုးရွားရွား ပြောင်းလဲမှုကြောင့် အခုလို ပင်လယ်ရေတွေ ထူးထူးခြားခြား မြင့်တက်လာခဲ့တာဖြစ်ကြောင်း Indonesian Forum for the Environment (Walhi) က ဆိုပါတယ်။ အခြားကျွန်း(၄)ခုလည်း အင်ဒိုတို့အနေနဲ့ မကြာခင် ဆုံးရှုံးဖွယ်ရှိနေလို့ အတော်လေး အခက်တွေ့နေပါတယ်။

Twitter/Siakap

အခု စွန့်လွှတ်လိုက်ရတဲ့ ကျွန်းတွေကတော့ Betet ကျွန်းနဲ့ Gundul ကျွန်းတို့ဖြစ်ပြီး၊ Banyuasin နယ်မြေရဲ့အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ လက်ရှိအချိန်မှာ ဒီကျွန်းတွေဟာ ပင်လယ်ရေအထက် (၁)မီတာနဲ့ (၃)မီတာအတွင်းမှာ တည်ရှိနေပါတယ်။ Betet ကျွန်းကတော့ Berbak-Sembilang National Park သဘာဝပန်းခြံရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

ဒီနယ်မြေအတွင်းမှာရှိတဲ့ သဘာဝကျွန်းရိုင်း နောက်ထပ်(၄)ခုကလည်း ပင်လယ်ရေမျက်နှာပြင်အထက် (၄)မီတာအထက်မှာ တည်ရှိနေတာဖြစ်လို့ မကြာခင်မှာ ဒါမှမဟုတ် ကာလအပိုင်းအခြားတစ်ခုအတွင်းမှာ အပြီးတိုင်ပျောက်ကွယ်သွားဖို့ ရှိနေပါတယ်။ ၎င်းကျွန်း(၄)ခုအနက် Kalong နဲ့ Salah Namo ကျွန်းတို့ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် (၂)မီတာအထက်မှာသာရှိပါတော့တယ်။

Kramat ကျွန်းကတော့ (၃)မီတာအထက်ဖြစ်ပြီး၊ Burung ကျွန်းကတော့ (၄)မီတာ အောက်မှာလို့ သိရပါတယ်။ ဆူမားတြားတောင်ပိုင်း Banyuasin နယ်မြေအတွင်းမှာ လက်ရှိအချိန်ထိ ကျွန်းငယ်ပေါင်း (၂၃)ခုရှိနေပြီး၊ အချို့သော ကျွန်းတွေကတော့ လူမနေကြပါဘူး။ ရာသီဥတု ဆိုးရွားတဲ့ပြောင်းလဲမှုတွေအနက် ပင်လယ်ရေ မြင့်တက်လာမှုကို လူတော်တော်များများ သတိမထားမိတတ်ကြပါဘူး။

Wikimedia Commons

အင်ဒိုနီးရှားမှာတော့ လူပေါင်းသန်းနဲ့ချီ နိုင်ငံပိုင် ကျွန်းငယ်ပေါင်း (၁၇,၀၀၀)ပေါ်မှာ နေထိုင်နေကြဆဲပါ။ အဲဒီကျွန်းတွေဟာ မြေနိမ့်ပိုင်း ကျွန်းတွေ ဖြစ်ကြတဲ့အတွက် တစ်နေ့နေ့တစ်ချိန်ချိန်မှာ အန္တရာယ်ရှိလာနိုင်တာကို စိုးရိမ်နေရပါတယ်။ Salah Namo ကျွန်းရဲ့ ယူနစ်အကြီးအကဲဖြစ်တဲ့ Syahrul က သူတို့ကတော့ ပင်လယ်ရေ မြင့်တက်လာတာကို သိကြောင်း၊ ကျွန်းတွေ ပျောက်ကွယ်နိုင်တာကိုလည်း သိထားတယ်လို့ ပြောပါတယ်။

Syahrul ရဲ့အဆိုအရ အခုဆို ကျွန်းနေပြည်သူတွေဟာ သူတို့နေအိမ်တွေ မူလဆောက်လုပ်ခဲ့ရာနဲ့ ဆယ်မီတာအဝေးကို ရွှေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။ ဒီကျွန်းမှာ (၁၉၇၀)နောက်ပိုင်း လူနေပိုစိပ်လာပြီး၊ ပိုကောင်းတဲ့ လုပ်ငန်းကိုင်ငန်းတွေ ရရှိမယ်လို့ အထင်ရှိနေကြပါသတဲ့။ တော်တော်များများကတော့ ကျွန်းပေါ်မှာ စပါးစိုက်ကြတယ်၊ တံငါလုပ်ကြတယ်လို့ သိရပါတယ်။

Twitter/Mbs

(၁၉၉၀)မတိုင်ခင်ကအထိ သူတို့ နေအိမ်တွေရှေ့မှာ စပါးခင်းတွေနဲ့ တမျှော်တခေါ်ရှိခဲ့ပြီး၊ ကွင်းကျယ်ကျယ်ထဲမှာ ကလေးတွေ ပျော်ရွှင်စွာ ဆော့ကစားနေတာကို မြင်ရတာ စိတ်ချမ်းသာတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အခုတော့ အရင်ကနဲ့ ကွာခြားနေပါပြီတဲ့။ အခုဆို နေထိုင်စရာ နယ်မြေ ကျဉ်းမြောင်းလာလို့ ပြောင်းရွှေ့သွားသူတွေလည်း ရှိနေပါတယ်။

Berbak-Sembilang National Park Area II မှ ဦးဆောင်ဖြစ်သူ Affan Absori က Betet ကျွန်း တဖြည်းဖြည်း ရေထဲကို နှစ်မြုပ်နေတာကို မြင်နေခဲ့ရတယ်လို့ အတည်ပြုပါတယ်။ အဆိုပါဒေသဟာ ကမ္ဘာဇီဝထုအရံနယ်မြေအဖြစ် (၂၀၁၈)ခုနှစ်က UNESCO စာရင်း ဝင်ရောက်ခဲ့ရာ နေရာဖြစ်ပါတယ်။ အဲဒီဒေသမှာ ဆူမားတြားကျား၊ ပိန်းညှင်းငှက်တို့အပါအဝင် သစ်ပင်ပန်းမန်တို့ရဲ့ မျိုးစိတ်ဦးဒေသလည်း ဖြစ်ပါတယ်။

လင်းသူရိန်

SHARE