ဘောလုံးကွင်းကို အပတ်(၂၀)ပတ်ပြေးဖို့ ဒဏ်ပေးခံရတဲ့ ကျောင်းသားလေး သေဆုံး

Twitter / Tribuna

အင်ဒိုနီးရှားနိုင်ငံက အလယ်တန်းကျောင်းသားလေးတစ်ဦးကို ဆရာက ပြင်းထန်စွာ ဒဏ်ပေးခဲ့တာကြောင့်၊ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကောင်လေးက အသက်(၁၄)နှစ်ဖြစ်ပြီး အမည်မှာ Fanly Lahingide လို့ သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့အောက်တိုဘာ (၁)ရက် အင်္ဂါနေ့က သူငယ်ချင်း(၅)ဦးနဲ့အတူ (၂၅)မိနစ်အထိ ကျောင်းနောက်ကျခဲ့ပါတယ်။

ဒါကြောင့် ဆရာဖြစ်သူက သူတို့ကို ကျောင်းကစားကွင်းကို အပတ်(၂၀)ပတ်ပြေးဖို့ ဒဏ်ပေးခဲ့ကြောင်း သိရပါတယ်။ သူဟာ ဒုတိယမြောက်အပတ်မှာ အမော့ဆို့ပြီး လဲကျသွားခဲ့ပါတယ်။ နောက်တော့ သူဟာ ဆရာကို အနားယူခွင့်တောင်းခဲ့ပေမယ့်လည်း ဆရာက ဟန်ဆောင်နေတယ်ဆိုပြီး အနားယူခွင့်မပေးဘဲ ဆက်ပြေးခိုင်းခဲ့ပါတယ်။ အဲဒီနောက် ထပ်မံလဲကျခဲ့ပါတယ်။

Fanly ကို ဆေးရုံအမြန်ပို့ပေးခဲ့သော်လည်း သူ့အသက်ကို ကယ်တင်နိုင်ခဲ့ခြင်း မရှိပါဘူး။ သူ ဘာကြောင့် သေဆုံးခဲ့ရတာလည်းဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမယ့် ယူဆချက်တွေအရ ကလေးဟာ နှလုံးရောဂါအခံရှိပုံရတယ်လို့ ဆိုနေကြပါတယ်။ မိဘတွေကတော့ ကလေးသေဆုံးခြင်းကြောင်း အလွန်စိတ်မကောင်းဖြစ်နေပါတယ်။

ကျောင်းတာဝန်ရှိသူတွေကတော့ ဆရာရဲ့လုပ်ရပ်ကို ကာကွယ်ပေးထားပေမယ့် Fanly ရဲ့ မိဘတွေတော့ တရားဥပဒေအရ ဆက်လက်ရင်ဆိုင်ဖို့ ရှိနေပါတယ်။ လောလောဆယ် Fanly ရဲ့ အလောင်းကို Bhayangkara Hospital ဆေးရုံကို ပို့ထားပြီး၊ သေမှုသေခင်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လင်းဇော်ကို

SHARE