အသုံးမ၀င်ဘူးထင်ရပေမယ့် တန်ဖိုးရှိနေတဲ့ စားသောက်ဖွယ် စွန့်ပစ်အစိတ်အပိုင်းများ

Pexels/Pixabay

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေဟာ လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အလုံအလောက် ပေးနိုင်စွမ်းရှိပါတယ်။ အချို့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေဟာဆိုရင် လူတွေ ၀မ်းဝအောင် စားသုံးဖို့အတွက်သာ အကျိုးရှိစေရုံတင် မဟုတ်ပဲ လူမစားပဲ လွှင့်ပစ်တဲ့ အစိတ်အပိုင်းတွေကလည်း အခြားကဏ္ဏတွေမှာ အသုံးချလို့ ရနေတာမျိုး ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ thehealthy အွန်လိုင်းစာမျက်နှာမှာ တွေ့မြင်ရတဲ့ လူတွေအသုံးမ၀င်တော့ဘူးထင်ရတဲ့ အစားအသောက်တွေရဲ့ အသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။

ငှက်ပျောခွံ

ငှက်ပျောခွံကို ပတ်တီးအနေနဲ့ သုံးနိုင်ပါတယ်။ ဒဏ်ရာတစ်ခုခုဖြစ်တဲ့အခါ ငှက်ပျောခွံအတွင်းသားနဲ့ ပွတ်သပ်ပြီး ဒဏ်ရာသက်သာအောင် အသုံးပြုနိုင်ပါတယ်။ သားရေပစ္စည်းတွေကိုလည်း ပြောင်သွားအောင် ပွတ်တိုက်နိုင်ပါတယ်။ အပင်တွေအတွက် မြေသြဇာအဖြစ်နဲ့လည်း အသုံးပြုနိုင်ပါတယ်။ ငှက်ပျောခွံတွေဟာ စားလို့ ရနိုင်ပါတယ်။ ငှက်ပျောခွံထဲမှာ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါတွေကို ကာကွယ်ခုခံပေးတဲ့ ကျန်းမာတဲ့ အင်တီအောက်ဆီးဒန့်တွေ အများကြီးပါဝင်ပါတယ်။

Pexels/Pixabay

အာလူးခွံ

အာလူးခွံကို အသားအရည်နုပျိုတင်းရင်းစေဖို့ အသုံးပြုနိုင်ပါတယ်။ အာလူးခွံတွေဟာ မျက်ကွင်းညိုတာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ အာလူးခွံထဲမှာပါတဲ့ catecholase အမည်ရတဲ့ အင်ဇိုင်းတစ်မျိုးဟာ အမဲစက်၊ မှဲ့ခြောက်နဲ့ အသက်ရလာလို့ ပေါ်လာတဲ့ အစက်အပြောက်တွေကို ဖြူလာအောင် ပြုပြင်နိုင်စွမ်းရှိပါတယ်။ အာလူးခွံတင်မကပဲ အာလူးကိုလည်း ပါးပါးလေးလှီးပြီး မျက်လုံးပေါ်မှာ (၁၀) မိနစ်လောက် ကပ်ထားနိုင်ပါတယ်။ တစ်ပတ်ကို () ကြိမ်လောက်ပဲ လုပ်ပေးရင် မျက်လုံးနားက အရေးအကြောင်းတွေ သိသိသာသာ လျော့လာတာကို တွေ့ရမှာပါ။

သက်တမ်းကုန်နေတဲ့ သံလွင်ဆီ

သက်တမ်းကုန်နေတဲ့ သံလွင်ဆီက အနံ့၊အရသာတွေ မကောင်းတော့ပါဘူး။ ဒါပေမယ့် ဒိတ်အောက်သွားလို့ဆိုပြီး လွှင့်ပစ်တာမျိုးတော့ မလုပ်ပါနဲ့ဦး။ သက်တမ်းကုန်နေတဲ့ သံလွင်ဆီတွေကို မိတ်ကပ်ဖျက်ဖို့ အသုံးပြုနိုင်ပါတယ်။ ကိုယ့်အိမ်က ခွေးလေးက လက်ဖ၀ါး၊ ခြေဖ၀ါးလေးတွေ နာနေတယ်၊ အက်ကွဲနေတယ်ဆိုရင်လည်း သက်သာဖို့ သံလွင်ဆီကို ဖ၀ါးလေးတွေထဲထည့် နှိပ်နယ်ပြီး အသုံးနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အိုးထဲထည့်စိုက်ထားတဲ့ အပင်လေးတွေ စိမ်းလန်းကျန်းမာအောင် အပင်မှာရှိတဲ့ အရွက်တွေကို သံလွင်ဆီနဲ့ လိုက်သုတ်ပေးနိုင်ပါတယ်။ ပြီးတော့ ဖိနပ်တွေကိုလည်း သံလွင်ဆီရဲ့ အစွမ်းနဲ့ ပြောင်လက်သွားအောင် တိုက်ချွတ်နိုင်ပါသေးတယ်။ ဒါကြောင့် အသုံးမ၀င်ဘူးဆိုပြီး သက်တမ်းလွန်နေတဲ့ သံလွင်ဆီဘူးကို ပြန်တွေ့တဲ့အခါ ဆန္ဒစောပြီး မလွှင့်ပစ်လိုက်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

Pexels/Pixabay

ကြက်သွန်နီခွံ

ကြက်သွန်နီကို အပေါ်ကနေ ရစ်ပတ်ပြီး ဖုံးလွှမ်းထားတဲ့ ကြက်သွန်နီအခွံတွေမှာ quercetin လိုမျိုး အာဟာရတစ်မျိုး ပါရှိပါတယ်။ Quercetin ကတော့ အပင်ရောင်ခြယ်တစ်မျိုးပါ။ သူဟာ သွေးကြောတွေပိတ်ဆို့နေတာကို ကာကွယ်ပေးနိုင်တဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုလည်း လျော့ကျစေပြီး ရောင်ရမ်းတာတွေကိုလည်း သက်သာစေပါတယ်။ ကြက်သွန်နီအခွံတွေက စားလို့မရ စားလို့မကောင်းပေမယ့် သူ့အာနိသင်ကိုတော့ ရယူနိုင်ပါတယ်။ ဥပမာ စွတ်ပြုတ်သောက်တဲ့အခါ ကြက်သွန်နီ အခွံနည်းနည်းပါ ရေစင်စင်ဆေးပြီး ထည့်ပြုတ်တာ၊ ထည့်ချက်တာမျိုးတွေပါ။

လိမ္မော်ခွံ

လိမ္မော်ခွံတွေဟာ အိမ်တွင်းမှာတွေ့ရတတ်တဲ့ ပိုးမွှားတွေကို နှိမ်နင်းနိုင်တယ်ဆိုရင် စာဖတ်သူ ယုံမလား။ ပုရွက်ဆိတ်တွေက လိမ္မော်ခွံတွေကို ကြောက်ပါတယ်။ အကြောင်းရင်းကတော့ သူတို့ဆီမှာ limonene အမည်ရတဲ့ အဆီတစ်မျိုးပါဝင်တာကြောင့်ဖြစ် သူ့သဘာဝအလျောက် ပုရွက်ဆိတ်တွေကို ပြေးစေတာပါ။ စာဖတ်သူက အိမ်မှာ ပုရွက်ဆိတ်တွေများလို့ စိတ်ညစ်နေရတယ်ဆိုရင်တော့ သူတို့ရှိတဲ့ နေရာတွေ၊ သူတို့တွေထွက်လာတတ်တဲ့ နေရာတွေမှာ လိမ္မော်ခွံတွေသာ ဒီတိုင်းပစ်ထားလိုက်ပါ။ လိမ္မော်ခွံရဲ့ ရနံ့ကို ပုရွက်ဆိတ်တွေတင် မကပဲ ခြင်၊ ယင်တွေလည်း ကြောက်ကြတယ်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE