Rihanna ၊ ဘီလ်ဂိတ်တို့လို နာမည်ကျော်တွေ တည်းခိုလေ့ရှိတဲ့ အဆိုပါ ဟိုတယ်ခန်းက တစ်ညတည်းခိုနှုန်း ပေါင် (၆၀,၀၀၀) ကုန်ကျပါတယ်။ ဒါဟာ အမေရိကန်ဒေါ်လာ (၈၀,၄၄၄)ခန့်ကျသင့်တာဖြစ်ပြီး မြန်မာငွေတန်ဖိုးနဲ့ဆိုရင်တော့ တညကို (၁၀၉၅)သိန်း ကုန်ကျမှာဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံရဲ့ နာမည်ကျော် အပန်းဖြေစခန်းဖြစ်တဲ့ Lake Geneva မှာ ရှိတဲ့ President Wilson ဟိုတယ်ရဲ့ (၈)ထပ်မှာတော့ အိပ်ခန်း (၁၂)ခန်းပါဝင်တဲ့ အခန်းကြီး တစ်ခန်းသာရှိပါတယ်။

Richard Branson, Rihanna နဲ့ ဘီလ်ဂိတ်တို့လို နာမည်ကျော်တွေဟာ သီးသန့်စားဖိုမှူး၊ အလုပ်သမားတွေနဲ့ လုံခြုံရေးအစောင့်အရှောက်တွေပါတဲ့ အဲ့ဒီ တန်ဖိုးမြှင့်ဟိုတယ်ခန်းကို လာရောက် တည်းခိုဖူးတယ်လို့ ဆိုပါတယ်။
အခန်းအကျယ် (၁,၆၈၀) စတုရန်းပေရှိတဲ့ အဲ့ဒီဟိုတယ်ခန်းဟာ ဥရောပတစ်ခုလုံးမှာ အကျယ်ဆုံးအခန်းအဖြစ် နာမည်ကြီးပါတယ်။ အဲဒီအခန်းမှာ တည်းခိုသူတွေဟာ Alps တောင်တန်းတွေနဲ့ Lake Geneva ရေကန်တို့ရဲ့ အလှကို မြင်ကွင်းကျယ်နဲ့ ငေးမောခံစားနိုင်ပါတယ်။

သဘာဝအလှတရားတွေကို ခံစားလို့ ငြီးငွေ့လာတဲ့အခါ ၅၅-လက်မ မျက်နှာပြင်ကျယ် TV နဲ့ audio စနစ်တွေက ဖျော်ဖြေရေးအတွက် အဆင်သင့်ရှိနေပြီးသားပါ။
လူအများရဲ့ အာရုံကိုဖမ်းစားချင်သူတွေအတွက်လည်း ဧည့်ခန်းအလယ်တည့်တည့်မှာ Steinway Grand စန္ဒရားကို ထားပေးထားပါသေးတယ်။

Geneva မြို့ရဲ့ နာမည်ကျော် Jet d’eau ရေပန်းရဲ့အလှကို ခံစားရင်း လူ (၆)ယောက်စာထိုင်နိုင်တဲ့ စားပွဲရှည်ကြီးကို ထားရှိပေးထားတဲ့အပြင် သီးသန်းစားသောက်ခန်းတွေလည်း ရှိပါသေးတယ်။

ရေချိုးခန်းတွေကို စကျင်ကျောက်နဲ့ ထိပ်တန်းဒီဇိုင်းပညာရှင် Hermes ရဲ့ ထုတ်ကုန်တွေကို ပေါင်းစပ်ပေးထားတဲ့အတွက် တည်းခိုသူတွေ စိတ်ကျေနပ်စရာဖြစ်မှာဖြစ်ပြီး အောက်ထပ် ဟိုတယ်ထဲမှာလည်း Spa ရှိပါသေးတယ်။


နှစ်ယောက်အိပ် အခန်းကျယ် (၂)ခန်းမှာ ဧရာမအဝတ်လဲခန်းနဲ့ ရေနွေးကန် တစ်ကန်စီလည်း ပါဝင်ပါတယ်။

President Wilson ဟိုတယ်ကို ငြိမ်းချမ်းရေးအဖွဲအစည်းကြီး တည်ထောင်ရာမှာ တခန်းတကဏ္ဍပါဝင်ခဲ့တဲ့ (၂၈)ကြိမ်မြောက် အမေရိကန်သမ္မတ Woodrow Wilson ကို ဂုဏ်ပြုတဲ့အနေဖြင့် ၁၉၆၂ခုနှစ် မေလမှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။