ကမ္ဘာ့အရွယ်အစားအကြီးဆုံးနဲ့ တန်ဖိုးအကြီးဆုံး ဇိမ်ခံသင်္ဘောကြီးဟာ သမုဒ္ဒရာထဲမှာ ရွက်လွှင့်ဖို့ ရက်အနည်းငယ်သာလိုပါတော့တယ်။ Royal Caribbean ဇိမ်ခံသင်္ဘောကုမ္ပဏီက တည်ဆောက်ထားတာဖြစ်တဲ့ သင်္ဘောကြီးရဲ့ နာမည်မှာ Symphony of the Seas ဖြစ်ပြီး ပင်လယ်များရဲ့ သံစုံတေးသွားလို့ အဓိပ္ပာယ်ရပါတယ်။

အလေးချိန်တန်ပေါင်း (၂၂၈,၀၀၀)ရှိပြီး (၁၁၈၈)ပေရှည်လျားတဲ့ သင်္ဘောကြီးဟာ နယူးယောက်ရှိ အင်ပါယာစတိတ်အဆောက်အဦးကြီးနဲ့ ပေ (၂၀)သာ ကွာပါတော့တယ်။ သင်္ဘောကြီးကို ယခုလက်ရှိ စပိန်နိုင်ငံ၊ မာလာဂါမှာ ကျောက်ချထားပါတယ်။ ဇိမ်ခံသင်္ဘောကြီးမှာ (၁၃၄၆)စတုရန်းပေ ကျယ်ဝန်းပြီး ၂ ထပ်ရှိတဲ့ မိသားစုဟိုတယ်ခန်းကျယ်ကြီးတွေလည်း ပါဝင်ပါတယ်။

ပျော်ရွှင်စရာတွေကို အသားပေးထားတဲ့ ဒီဇိုင်းနဲ့ အခန်းကျယ်ကြီးတွေမှာ အပေါ်ထပ်မှ အောက်ထပ်ဆင်းဖို့ ပိုက်လုံးလျှောကြီးတွေတောင်ပါပြီး Lego အရုပ်ဆက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ နံရံတွေအပြင် လေဟော့ကီစားပွဲနဲ့ ပင်ပေါင်စားပွဲတို့လည်း ထည့်သွင်းပေးထားပါတယ်။ (၈၅)လက်မ HD တီဗီကြီးတွေနဲ့ သီးသန့်ရုပ်ရှင်ရုံတွေလည်းပါဝင်ပြီး ဗီဒီယိုဂိမ်းအခန်းတွေလည်း ထည့်သွင်းအခန်းဖွဲ့ပေးထားပါတယ်။

(၂၁၂)စတုရန်းပေကျယ်ဝန်းတဲ့ လေသာဆောင်ဘက်ထွက်လိုက်မယ်ဆိုရင်တော့ သမုဒ္ဒရာကြီးရဲ့ မြင်ကွင်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အခန်းတစ်ခန်းမှာ ဧည့်သည် (၈)ယောက်အထိ နေလို့ရပြီး တစ်ဦးချင်းစီအတွက် ဝန်ဆောင်မှုလုပ်သားတွေလည်း ထားရှိပေးထားမှာဖြစ်ပါတယ်။ သင်္ဘောကြီးမှာ အထပ်ပေါင်း (၈)ထပ်ပါရှိပြီး လူပေါင်း (၈၀၀၀)အတွက် လုံလောက်တဲ့ အခန်းတွေပါဝင်ပါတယ်။

တည်ဆောက်မှုစရိတ် စတာလင်ပေါင် (၉၅၉)သန်းကုန်ကျခဲ့ပြီး ပြင်သစ်ရှိ သင်္ဘောကျင်းတစ်ခုမှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စားသောက်ဆိုင်ပေါင်း (၂၀)ပါဝင်ပြီး (၆)ဆိုင်ထက် ပိုမယ့် ဘားတွေထဲက တစ်ဆိုင်မှာဆိုရင် စက်ရုပ်တွေကပင် ကော့တေးစပ်ပေးဦးမယ်ဆိုပါတယ်။ သင်္ဘောကြီးမှာ ပါဝင်မယ့် အခြားဆွဲဆောင်မှုတွေကတော့ cable ကြိုးစီးခြင်း၊ ရေခဲစကိတ်ကွင်း၊ ဂေါက်ကွင်းအသေးစား၊ တောင်တက်နံရံတွေ၊ လှိုင်းစီးစက်တွေနဲ့ ဘတ်စ်ကတ်ဘောကွင်းတို့ပါဝင်ပါမယ်။

White (Shwemom)
Ref: Dailymail UK