ပင်လယ်ရေအောက်ကြမ်းပြင်ကို (၂၆)နာရီကြာသန့်ရှင်းရေးလုပ်ပြီး ဂင်းနစ်စံချိန်တင်သွားသူများ

Photo : (Mike Stocker / Sun Sentinel) Facebook/Dixie Divers

ပင်လယ်ရေအောက်ကြမ်းပြင်ကို (၂၆)နာရီကြာ သန့်ရှင်းရေးလုပ်တယ်ဆိုလို့ (၂၆)နာရီလုံးလုံး ရေအောက်မှာနေပြီးလုပ်ကြတယ်လို့ ထင်မသွားပါနဲ့။ သူတို့က တစ်ဦးချင်း သန့်ရှင်းရေးလုပ်တဲ့အချိန်တွေကို စုပေါင်းပြီး (၂၆)နာရီ ဖြစ်သွားကြတာပါ။

ဖလော်ရီဒါပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ရေငုပ်သမားများအဖွဲ့ (Dixie Divers) ရဲ့ ဦးဆောင်မှုနဲ့ ရေငုပ်သမား စုစုပေါင်း (၆၃၃)ယောက်ဟာ ပင်လယ်အောက်မှာရှိတဲ့ အမှိုက်တွေကို သန့်ရှင်းရေးလုပ်ခဲ့ကြတာဖြစ်ပြီး တစ်ယောက်ကို အနည်းဆုံး (၁၅)မိနစ်စီလောက် ပင်လယ်ကြမ်းပြင်မှာ အလုပ်လုပ်ခဲ့ကြရတာပါ။ အဲဒီနောက် ရေငုပ်သမားအားလုံး တာဝန်ကိုယ်စီ ပြီးစီးသွားချိန်မှာတော့ စုစုပေါင်း ကြာမြင့်ချိန် (၂၆)နာရီ ဖြစ်သွားခဲ့ပြီး အဲဒီ မှတ်တမ်းက ဂင်းနက်စံချိန် ၀င်သွားစေခဲ့ပါတယ်။

Credit: Facebook/Dixie Divers

ပင်လယ်ရေအောက်မှာ အချိန်အကြာဆုံး သန့်ရှင်းရေးလုပ်ဖူးတဲ့အဖွဲ့က (၂၀၁၅)ခုနှစ်တုန်းက ဖြစ်ပြီး ရေငုပ်သမား (၆၁၄)ယောက်နဲ့ (၂၄)နာရီကြာအောင် အလုပ်လုပ်ခဲ့ကြတာပါ။

READ
ရေခဲနဲ့ပြုလုပ်ထားတဲ့ ဂီတတူရိယာတွေနဲ့ တီးခတ်ပြသခဲ့တဲ့ ရေခဲဂီတဖျော်ဖြေပွဲ

ပင်လယ်ရေအောက်ကြမ်းပြင်မှာ အများဆုံးတွေ့ရတာကတော့ ငါးဖမ်းသင်္ဘောတွေ၊ ငါးဖမ်းလှေတွေကနေ ကျလာတဲ့ ခဲသီးအစတွေ၊ သံတိုသံစတွေ နဲ့ အခြား နစ်မြုပ်နေတဲ့အမှိုက်တွေ ပါပဲ။

သူတို့ရရှိခဲ့တဲ့ အမှိုက်တွေ၊ ရေအောက်က ပစ္စည်းတွေကို ကမ်းခြေမှာ စုပုံထားခဲ့ပြီး ပင်လယ်ရေအောက်မှာ ဘယ်လောက်အထိ အမှိုက်တွေများနေတယ်ကြောင်း လူတွေသိအောင် ပြသနိုင်ခဲ့ပါတယ်။

Credit: Facebook/Dixie Divers

ရေငုပ်သမားတွေက အခမဲ့လာရောက်ကူညီပေးကြသူတွေဖြစ်ပြီး အဲဒီထဲမှာ အသက် (၁၃)နှစ်အရွယ် လူငယ်လေးတွေအထိ ပါဝင်ခဲ့တာပါ။

Dixie Divers ဆိုတဲ့ ရေငုပ်သမားများအဖွဲ့ရဲ့ တည်ထောင်သူဖြစ်တဲ့ အာလင်တန် ပါဗန် က ဒီလုပ်ဆောင်မှုဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဂရုစိုက်ကြဖို့ အသိပေးချင်တာဖြစ်ကြောင်းနဲ့ သူတို့ရဲ့စည်းလုံးတဲ့ စွမ်းဆောင်ရည်ကြောင့်လည်း ဂုဏ်ယူမိကြောင်း ဆိုပါတယ်။

(၂၆)နာရီကြာ ရေငုပ်သန့်ရှင်းမှု ပြီးဆုံးသွားချိန်မှာတော့ ရေအောက်ကြမ်းပြင်ကနေ အလေးချိန် (၇၂၅) ကီလိုဂရမ်ရှိတဲ့ အမှိုက်တွေစုစည်းရရှိခဲ့ပြီး လာမယ့်နှစ်တွေမှာလည်း ဒီ့ထက်ပိုမြင့်မားတဲ့ စံချိန်မျိုး ထပ်မံရဖို့ ပါဗန် က မျှော်လင့်နေပါတယ်။

READ
ပင့်ကူရာပေါင်းများစွာကို မိုးရွာနေသလိုတွေ့ရတဲ့ ဘရာဇီးကောင်းကင်ထက်ကဖြစ်ရပ်
Credit: Facebook/Dixie Divers

Linn

Source : ladbible , USA Today

SHARE