အမုန်းတရားပြန့်ပွားစေတဲ့ မန့်တွေကို သတိပေး တားဆီးတော့မယ့် Instagram

Shutterstock/ tulpahn

အင်စတာဂရမ်ဟာ အချင်းချင်း အမုန်းတိုးပွားစေမယ့် ပို့စ်နဲ့ မန့်တွေတင်တာကို သတိပေးမယ့် feature သစ်တစ်ခုကို လုပ်ဆောင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။ ၄င်း feature သစ်ကို ထည့်သွင်းရတဲ့ ရည်ရွယ်ချက်ကတော့ ဆိုရှယ်မီဒီယာပလတ်ဖောင်းကို ကြားခံအဖြစ် အသုံးပြုပြီး ဆိုက်ဘာအနိုင်ကျင့်တိုက်ခိုက်မှူတွေကို လျော့ချဖို့အတွက်ပဲ ဖြစ်ပါတယ်။

Instagram ရဲ့Feature အသစ်မှာဆိုရင် artificial intelligence ပါဝင်မှာဖြစ်ပြီး ၄င်းဟာ မှန်သားပြင်ပေါ်က မိမိတင်လိုက်တဲ့ အကြောင်းအရာတွေနဲ့ စာသားတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။ တကယ်လို့ ပို့စ်တွေမှာ အန္တရာယ်ရှိတယ်၊ သိက္ခာထိပါးတဲ့ အကြောင်းအရာတွေ ပါဝင်တယ်ဆိုရင်တော့ ဒီပို့စ်ကို တင်ဖို့ သေချာရဲ့လားဆိုတာ စနစ်ကနေ message ပို့ပြီး မေးမြန်းမှာ ဖြစ်ပါတယ်။ ဒီအခါမှာ ကိုယ်ရေးထားတဲ့စာကို တစ်စုံတစ်ဦးမမြင်ခင်မှာ ဖယ်ရှားတာပဲဖြစ်ဖြစ်၊ စာသားပြောင်းလဲတာဖြစ်ဖြစ် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

shutterstock/ArthurStock

ဒီ feature သစ်နဲ့ ပတ်သက်ပြီး ကနဦးစမ်းသပ်ချက်တွေအရတော့ feature အသစ်ထည့်သွင်းပြီးနောက်မှာ အသုံးပြုသူအချို့ဟာ အန္တရာယ်ရှိနိုင်တဲ့ မန့်တွေ မန့်တာမျိုး လျော့နည်းသွားတယ်ဆိုတာ တွေ့ရှိခဲ့ကြောင်း အင်စတာဂရမ်အကြီးအကဲတစ်ဦးဖြစ်တဲ့ အေဒမ်မော့စရီက ဆိုပါတယ်။ အလားတူ feature မျိုးဟာ Gmail မှာလည်း ပါဝင်ပါတယ်။ Gmail မှာတော့ send ကို နှိပ်ပြီးတဲ့နောက် အီးမေးလ်ကို ပြန်လည်ပယ်ဖျက်ဖို့ဆန္ဒရှိခဲ့ရင် အချိန်(၃၀) စက္ကန့်အတွင်းပယ်ဖျက်နိုင်ပါတယ်။

Shutterstock/ Kaspars Grinvalds

အခြားဆိုရှယ်မီဒီယာ ပလတ်ဖောင်းတွေမှာလည်း အလားတူပဲ ဆိုရှယ်မီဒီယာတွေပေါ် ရေးသားတင်သွင်းလိုက်တဲ့ စာသားတွေကို ဂရုစိုက်စောင့်ကြည့်နိုင်ဖို့ ကြိုးစားနေကြတာပါ။ တွစ်တာပေါ်မှာဆိုရင်လည်း နိုင်ငံရေးသမားတွေကနေတဆင့် ရန်ပွားနိုင်တဲ့ အရာတွေ၊ တစ်ယောက်နဲ့တစ်ယောက် မလိုမုန်းထားမှူကိုသာ တိုးပွားစေမယ့်ပို့စ်တွေကို ချက်ခြင်းသိပြီး ပယ်ဖျက်နိုင်အောင် လုပ်ဆောင်နေပါပြီ။

ဒါ့အပြင် ဖေ့စ်ဘုတ် ၀ါဒဖြန့်ပို့စ်တွေနဲ့ အများပြည်သူအထိတ်တလန့်ဖြစ်စေနိုင်တဲ့ ပို့စ်တွေကို တားမြစ်ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဆိုရှယ်မီဒီယာပေါ်မှာတော့ လူတွေအတွက် အဆိပ်အတောက်ဖြစ်စေမယ့် ပို့စ်မျိုး၊ အရေးအသားမျိုးတွေဟာ ချက်ခြင်းသိနိုင်ဖို့ရန် ခက်ခဲတာကြောင့် နည်းပညာကုမ္ဗဏီကြီးတွေဟာ artificial intelligence သုံးပြီး သေချာစောင့်ကြည့်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE