ခင်မင်ဖော်ရွေတတ်တဲ့ ဒေသခံလူမျိုးတွေရယ်၊ ထုထည်ကြီးမားလှတဲ့ ထုံးကျောက်တောင်စွန်းကြီးတွေရယ်နဲ့ လှပလွန်းတဲ့ ပင်လယ်ကမ်းခြေတွေဟာ ထိုင်းနိုင်ငံရဲ့ အထင်ကရအမှတ်အသားတွေ ဖြစ်ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ အခြားထူးခြားတဲ့ ပွဲတော်တွေနဲ့ နိုင်ငံတွင်းရိုးရာအစဉ်အလာတွေကလည်း ရှိနေပါတယ်။ ထိုင်းနိုင်ငံမှာ စိတ်ဝင်စားဖွယ်ကောင်းလောက်တဲ့ ဘယ်လိုအကြောင်းအချက်တွေ ရှိနေဦးမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာလအရှည်ကြာဆုံး အုပ်စိုးခဲ့တဲ့ ဘုရင်မင်းမြတ်ရှိရာ နိုင်ငံ ဖြစ်ပါတယ်
ဘုရင်ကြီး ဘူမိဘောအဒူရာဒီဟာ ထိုင်းနိုင်ငံကို (၁၉၄၆) ခုနှစ် ဇွန်လ(၉) ရက်နေ့ကစပြီး (၂၀၁၇) ခုနှစ် အောက်တိုဘာလ(၁၃) ရက် နတ်ရွာစံတဲ့အချိန်အထိ အုပ်စိုးခဲ့ပါတယ်။ ဘူမိဘောဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံးနိုင်ငံကို အုပ်ချုပ်ခွင့်ရတဲ့ ဘုရင်မင်းမြတ်ဖြစ်ပြီး ထိုင်းနိုင်ငံ သမိုင်းမှာလည်း ကာလအရှည်ကြာဆုံး အုပ်ချုပ်ခဲ့တဲ့ မင်းတစ်ပါးလည်း ဖြစ်ပါတယ်။ ဘုရင်ကြီးဘူမိဘောဟာ ထိုင်းနိုင်ငံကို အနှစ်(၇၀) နဲ့ ရက်ပေါင်း (၁၂၆) ရက်တာမျှ အုပ်ချုပ်ခဲ့ပါတယ်။

Red Bull မွေးဖွားရာနေရာ
ကမ္ဘာတစ်လွှားမှာကျော်ကြားတဲ့ ခွန်အားပြည့်အချိုရည်ဖြစ်တဲ့ Red Bull ဟာ ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ Red Bull ဟာ အားဖြည့်အချိုရည်အမှတ်တံဆိပ်ဖြစ်တဲ့ Krating Daeng ပေါ်မှာ အခြေခံပြီး ထုတ်လုပ်ထားတာပါ။ ၄င်းအချိုရည်ဟာ အာရှမှာ (၁၉၇၆) ခုနှစ်မှာ စတင်ဖြစ်ထွန်းခဲ့ပြီး (၁၉၈၇) ခုနှစ်တော့ သြစတေးလျလူမျိုးစီးပွားရေးသမားတစ်ဦးက Krating Daeng ကို အနောက်တိုင်းပါးစပ်နဲ့ အရသာကိုက်ညီအောင် ပေါင်းစပ်ထုတ်လုပ်ခဲ့ရာက Red Bull အဖြစ် ပေါ်လာတာပါ။
ဦးခေါင်းကိုကိုင်ရင် ရိုင်းတယ်လို့ ယူဆပါတယ်
ထိုင်းနိုင်ငံ ယဉ်ကျေးမှုထဲမှာ လူ့ဦးခေါင်းကို အထွတ်အမြတ်အဖြစ် ယူဆပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ရဲ့ ဦးခေါင်းကို ထိလို့တောင်မရပါဘူး။ ကလေးဆိုပြီးလည်း ခေါင်းသွားထိလို့ မရပါဘူး။ လူတစ်ဖက်သားကို လေးစားပြီး ရိုသေသမှုပြုကြောင်း ပြသတဲ့အမူအရာပဲ ဖြစ်ပါတယ်။

နှစ်စဉ်နှစ်တိုင်း မျောက်တွေအတွက် ရည်ရွယ်ပြီး ပွဲတော်ကျင်းပတယ်
ထိုင်းနိုင်ငံရဲ့ နိုဝင်ဘာလတိုင်းမှာ Lopburi Monkey Banquet ဆိုတဲ့ ပွဲတော်ရှိပါတယ်။ ၄င်းပွဲတော်ကို Lopburi ပြည်နယ်က Pra Prang Sam Yot ဘုရားကျောင်းရှေ့မှာ ကျင်းပပါတယ်။ ပွဲတော်မှာ မျောက်ကောင်ရေ (၆၀၀) ကျော်ပါဝင်လေ့ရှိပြီး ၄င်းမျောက်တွေကို ဒေသခံတွေက စုပေါင်းကာ တန်ချိန်(၂) တန်ကျော်ရှိတဲ့ အစားအသောက်တွေကို ကျွေးမွေးလေ့ ရှိပါတယ်။
ထိုင်းနိုင်ငံကို အရှေ့တိုင်းရဲ့ ဗီးနစ်စ်အဖြစ် သတ်မှတ်ကြပါတယ်
ကျောက်ဖရားမြစ်ကမ်းနံဘေးမှာ တည်ဆောက်ထားတဲ့ အဆောက်အဦးတွေရယ်၊ တူးမြောင်းပေါင်းများစွာတို့ရယ်က ဘန်ကောက်ရဲ့ စီးပွားကူးသန်းမှုထဲ အရေးပါတဲ့အရာတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲမှာ လှပတဲ့ တူးမြောင်းလေးတွေ ရှိပြီး နိုင်ငံခြားသားတွေနဲ့ ဒေသခံတွေကိုယ်တိုင်က တူးမြောင်းလေးတွေထဲ လှေလျှောက်စီးရတာကို ပျော်ရွှင်ကြပါတယ်။ ဒါပေမယ့် ဘန်ကောက်က တဖြည်းဖြည်းနဲ့ ကြီးလာတာကြောင့် တူးမြောင်းအများစုဟာ လမ်းခင်းခံကြရပြီး ယနေ့အချိန်မှာတော့ လမ်းတွေ၊ ပလတ်ဖောင်းတွေအဖြစ် တွေ့မြင်နေရပါပြီ။

လမ်းလျှောက်တတ်တဲ့ငါးဟာ ထိုင်းနိုင်ငံမှာ ရှိပါတယ်
ကမ္ဘာပေါ်က အခြားငါးတွေနဲ့ မတူတဲ့ Cryptotora thamicola အမည်ရတဲ့ ငါးတစ်မျိုးဟာ ထိုင်းနိုင်ငံထဲမှ ရှိပါတယ်။ ၄င်းငါးတွေဟာ မျက်မမြင်ငါးတွေဖြစ်ပြီး ရေတံခွန်ပေါ်တက်တက်တဲ့ ဂူအောင်းငါးတွေလည်း ဖြစ်ပါတယ်။ ရှေ့ပိုင်းမှာ ရေယက်နှစ်ခု၊ နောက်ပိုင်းမှာ ရေယက်နှစ်ခုပါရှိပြီး ခြေလေးချောင်းသတ္တ၀ါတွေ သွားသလိုပဲ သွားလေ့ရှိပါတယ်။ သူတို့ဟာ ကုန်းပေါ်မှာလည်း တွားသွားနိုင်ပါတယ်။ သူတို့ရဲ့ ခန္ဓာဗေဒကိုတော့ ရေပုတ်သင်နဲ့ တူတယ်ဆိုပြီး မှတ်ယူကြပါတယ်။
တော်ဝင်မိသားစုကို အလေးအနက်ထားဖို့ဟာ အရမ်းအရေးကြီးတဲ့ကိစ္စရပ်ပါ
ထိုင်းနိုင်ငံက တော်ဝင်မိသားစုတွေဟာ ပြည်သူတွေရဲ့ ရိုသေအလေးအမြတ်ပြုခံရတဲ့သူတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရင့်မိသားစုကို ဝေဖန်တာဟာ ဥပဒေနဲ့ ဆန့်ကျင်တဲ့အလုပ်လို့ သတ်မှတ်ပါတယ်။ ဘုရင်၊ မိဖုရားနဲ့ နန်းဆက်ခံမယ့်သူတွေကို မလေးမစားပြုတဲ့ အပြုအမူမျိုးလုပ်မိခဲ့ရင် ထောင်သွင်းအကျဉ်းချနိုင်တဲ့အထိ ပြစ်မှုမြောက်ပါတယ်။

ဘယ်တုန်းကမှ ကိုလိုနီလက်အောက်မရောက်ခဲ့တဲ့ အရှေ့တောင်အာရှ နိုင်ငံ ဖြစ်ပါတယ်
Thailand ကို ထိုင်းဘာသာစကားနဲ့ Prathet Thai လို့ ခေါ်တွင်ပြီး လွတ်မြောက်ရာနယ်မြေလို့ အဓိပ္ပါယ်ရပါတယ်။ ထိုင်းနိုင်ငံဟာ ဘယ် ဥရောပနိုင်ငံရဲ့ လက်အောက်ကိုမှ မကျရောက်ခဲ့တဲ့ အရှေ့တောင်အာရှက တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေကတော့ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ သွေးနဲ့ချွေးနဲ့ရင်းနှီး ကြိုးပမ်းအားထုတ်ခဲ့ရပေမယ့် သူကတော့ ကိုလိုနီစည်းမျဉ်းတွေအောက်က လွတ်မြောက်ခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
လင်းလင်း (ShweMom)