ဟီရိုရှီးမားမြို့ရဲ့ ငြိမ်းချမ်းရေးပန်းခြံထဲက စိတ်ဝင်စားဖွယ် ရုပ်တုလေးရဲ့ ရာဇ၀င်

SadakoSasaki Facebook

ဆာဒါကိုဆာဆာကီ ဆိုတဲ့ ဂျပန်မလေးအကြောင်းကို ကြားသိဖူးသူတွေရှိသလို၊ မသိတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ သူမဟာ ဒုတိယကမ္ဘာစစ် တုန်းက အမေရိကန်ရဲ့ အဏုမြူဗုံးဒဏ်သင့်ခဲ့တဲ့ မြောက်မြားစွာသော ဂျပန်ကလေးငယ်တွေထဲက တဦးပါပဲ။ ဒါပေမဲ့ သူမကို ပိုပြီး လူသိများစေတဲ့ အချက်ကတော့ စက္ကူကြိုးကြာရုပ်ကလေးတွေကြောင့်ပါပဲ။ သူ့အကြောင်းလေးတွေ ဖတ်ကြည့်ကြပါစို့..

ဆာဆာကီဟာ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့မှာ ၁၉၄၃ ခုနှစ် ဇန်နဝါရီ (၇)ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး မိခင်နဲ့ အဖွားဖြစ်သူတို့နဲ့ အတူ နေထိုင်ပါတယ်။ သူမ အသက်(၂)နှစ်နဲ့ (၇)လပြည့်ဖို့ (၁)ရက်အလို ၁၉၄၅ ခုနှစ် သြဂုတ်လ (၆)ရက်နေ့မှာ ဟီရိုရှီးမားမြို့ပေါ်ကို အဏုမြူဗုံး ကြဲချခံလိုက်ရပါတယ်။

In 1990, Dr. Schmoe told people the reason he chose to honor Sadako at the unveiling ceremony of the statue in…

Posted by The Peace Crane Project on Wednesday, June 12, 2019

ဆာဆာကီနေထိုင်တဲ့အိမ်ဟာ အဏုမြူဗုံးတိုက်ရိုက်ထိမှန်တဲ့နေရာနဲ့ (၁.၂)မိုင်သာ ကွာဝေးတဲ့နေရာမှာရှိတာပါ။ ဗုံးကျဲချလိုက်ချိန်မှာ ဆာဆာကီလေးဟာ အိမ်ထဲမှာပဲရှိနေခဲ့တာပါ။ ဗုံးပေါက်ကွဲချိန်မှာ ဆာဆာကီဟာ ပြတင်းပေါက်ကနေလွင့်ထွက်သွားခဲ့ပါတယ်။ သူမရဲ့ မိခင်ဖြစ်သူက ဆာဆာကီကို လိုက်ရှာခဲ့ပေမဲ့ သေဆုံးသွားပြီပဲထင်နေခဲ့တာပါ။ ဒါပေမဲ့ သမီးဖြစ်သူကိုတွေ့ရချိန်မှာ ဒဏ်ရာရရှိထားခြင်း မရှိခဲ့ပါဘူး။

ဗုံးပေါက်ကွဲပြီးနောက်မှာ အနက်ရောင်မိုးတွေရွာချလာတဲ့အတွက် ဆာဆာကီတို့ သားအမိဟာ အန္တရာယ်ကင်းတဲ့နေရာဆီကို ထွက်ပြေးခဲ့ရ ပါတယ်။ ဆာဆာကီကတော့ သူမရဲ့ အဖွားဖြစ်သူကို လုံးဝထပ်ပြီး မတွေ့ခဲ့ရတော့ပါဘူး။

နောက်ပိုင်းမှာ ဆာဆာကီဟာ သာမန်မိန်းကလေးငယ်တွေလိုပဲ ကျောင်းတက်ရင်း ကြီးပြင်းလာခဲ့ပါတယ်။ အစောပိုင်းကာလတွေမှာ သူမ ဟာ ကျန်းမာသန်စွမ်းပြီး ကျောင်းရဲ့ လက်ဆင့်ကမ်းပြေးခုန်ပစ်အသင်းအတွက်ပါ ရွေးချယ်ခြင်းခံခဲ့ရပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဏုမြူ ရောင်ခြည်သင့်တဲ့ဒဏ်ကြောင့် သွေးကင်ဆာဝေဒနာကို ခံစားခဲ့ရပြီး ၁၉၅၅ ခုနှစ်အရောက်မှာ ဆေးရုံပေါ်မှာပဲ နေရပါတော့တယ်။

Posted by Sadako Sasaki on Sunday, September 16, 2018

ဂျပန်နိုင်ငံမှာ ၁၉၅၀ နောက်ပိုင်းနှစ်တွေမှာ ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေ သွေးကင်ဆာဖြစ်ပွားနှုန်း အလွန်မြင့်တက်ခဲ့ပြီး ဒါဟာ အဏုမြူရောင်ခြည်သင့်တဲ့ ဒဏ်ကြောင့်ဖြစ်တယ်လို့ အချက်အလက်တွေက ဆိုပါတယ်။ ဆေးရုံမှာ ဆာဆာကီလေးဟာ သူ့လိုပဲ အဏုမြူဗုံးဒဏ်သင့်ခဲ့တဲ့ ဆယ်ကျော်သက် မိန်းကလေးငယ်တဦးနဲ့ တစ်ခန်းတည်းနေခဲ့ရပြီး သူမဆီကနေတဆင့် စက္ကူကြိုးကြာ အခု (၁)ထောင် ခေါက်နိုင်ရင် အသက်ဆက်ရှင်ဖို့ ဆုတောင်းပြည့်မယ်လို့ကြားခဲ့တဲ့အတွက် စက္ကူကြိုးကြာ အခု(၁)ထောင်ကို ကြိုးစားပြီး ခေါက်ခဲ့ရှာပါတယ်။

ဒါပေမဲ့ ဆာဆာကီရဲ့ ဆုတောင်းမပြည့်ခဲ့ဘဲ ၁၉၅၅ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ အသက်(၁၂)နှစ်နဲ့ (၉)လ အရွယ်မှာပဲ ကွယ်လွန်ခဲ့ရရှာ ပါတယ်။ ၁၉၅၈ ခုနှစ်မှာတော့ ဆာဆာကီလေး စက္ကူကြိုးကြာလေးကို ကိုင်ထားတဲ့ပုံတူရုပ်ထုကို ဒုတိယကမ္ဘာစစ်အတွင်းက သေဆုံးခဲ့ကြတဲ့ အပြစ်မဲ့ကလေးငယ်တွေကို အမှတ်ရစေဖို့ရည်ရွယ်ထုလုပ်ခဲ့ပြီး ဟီရိုရှီးမား ငြိမ်းချမ်းရေးအထိမ်းအမှတ် ပန်းခြံမှာ ထားရှိခဲ့ပါတယ်။

KYM

READ
ဉာဏ်ရည်မြင့်မားသူတွေမှာသာ အများဆုံးတွေ့ရှိနိုင်မယ့် အမူအကျင့်များ

Ref : Wikipedia

SHARE