ကြမ်းခင်းကော်ဇောအရောင်နဲ့ တူနေလို့ သခင်တွေ ခလုတ်အမြဲတိုက်ခံရတဲ့ ခွေးလေး

ခွေးလေးတစ်ကောင်ဟာ ပိုင်ရှင်ရဲ့ အိမ်ရှေ့ခန်းက ကော်ဇောနဲ့တူနေတဲ့အတွက် အိမ်ရှင်တွေက မကြာခဏ သူ့ကိုခလုတ်တိုက်မိနေကြောင်း သိရပါတယ်။ အသက်(၂၁)နှစ်အရွယ်ရှိတဲ့ Harley Edmonds နဲ့ အသက်(၂၃)နှစ်အရွယ်ရှိတဲ့ Matthew Young တို့စုံတွဲဟာ မီးခိုးရောင် ကော်ဇောတစ်ခုကို အိမ်ရှေ့ခန်းမှာထားဖို့အတွက် မနှစ်က ၀ယ်လာခဲ့ပါတယ်။

News Capital

ထူးခြားတာတစ်ခုကတော့ အဆိုပါစုံတွဲရဲ့ အသက်(၂)နှစ်အရွယ်ခွေးလေး Marley ဟာ ကော်ဇောနဲ့ အဆင်ရော အရောင်ပါ အကုန်တူညီနေပါတယ်။ Marley ကလည်း ကော်ဇောလေးကို အရမ်းနှစ်သက်ပြီး အဲဒီကော်ဇောပေါ်မှာပဲ ခွေခေါက်အိပ်နေလေ့ရှိပါတယ်။ အခုဆိုရင်တော့ အိမ်ရှင်တွေက အိမ်ရှေ့ခန်းမှာ ခွေးနဲ့ကော်ဇောက အရောင်တူနေတာကြောင့် အတော်လေး သတိထားပြီးသွားနေရပါတယ်။

News Capital

ပိုင်ရှင်ဖြစ်သူHarley ကလည်း တစ်ခါတစ်လေ ခွေးပျောက်သွားလို့ လိုက်ရှာရတဲ့အခါ ကော်ဇောထောင့်စွန်းမှာ အိပ်နေတာကိုသွားတွေ့ရကြောင်း ဆိုထားပါတယ်။ မကြာခဏဆိုသလို ပိုင်ရှင်တွေက ကော်ဇောပေါ်မှာအိပ်နေတဲ့ Marley ရဲ့ခြေထောက်နဲ့ အမြီးတွေပေါ်ကို တက်နင်းမိပါသေးတယ်။ Marley က အကောင်သေးတဲ့အပြင် ကော်ဇောကလည်းကြီးတာကြောင့် ကော်ဇောရဲ့ ဘယ်နေရာမဆို သူက ရှိနေတတ်ပါတယ်။

ညဘက်အိပ်ရာဝင်ခါနီးအချိန်ကျရင်လည်း မီးတွေ အကုန်ပိတ်ထားတဲ့အတွက် အမှောင်ထဲမှာ ကော်ဇောပေါ်အိပ်နေတဲ့ Marley ကိုအိမ်ရှင်တွေက အမြဲတမ်းသတိထားနေရပါတယ်။ Marley က ကော်ဇောပေါ်မှာ ကိုယ်ယောင်ဖျောက်နေရတာကို ကျွမ်းကျင်သူလည်းဖြစ်ပါတယ်။ ကော်ဇောမှာထိုင်လိုက်၊ လဲလျောင်းနေလိုက်နဲ့ ပုံစံအမျိုးမျိုးလုပ်ပြီး သခင်တွေကိုလည်း ကျီစယ်လေ့ရှိပါတယ်။

News Capital

Harley က တစ်ခါမှာ ကော်ဇောထဲအိပ်နေတဲ့ခွေးကို ဓာတ်ပုံရိုက်ပြီး ဖုန်းထဲထည့်ထားရာမှာ သူငယ်ချင်းတွေက ဘာလို့ကော်ဇောပုံကြီးကို ဖုန်းဝေါလ်ပေါ်မှာ ထားရသလဲဆိုပြီး အမေးခံရတဲ့အထိ ကော်ဇောနဲ့ ခွေးက တစ်ထပ်တည်းကျနေခဲ့တာပါ။ Harley မှာနောက်ထပ် (၈)လသားအရွယ် Axel အမည်ရှိ ခွေးလေးတစ်ကောင်ရှိပါသေးတယ်။ တကယ်လို့ Marley ကို ရှာချင်တဲ့အခါ Axel ကို အရင်ရှာရကြောင်း Harley က ပြောပြပါတယ်။ Marley နဲ့ Axel နှစ်ကောင်ဟာ အရမ်းတည့်ကြပြီး Axel ကအမြဲလိုလို Marley ပေါ်မှာ ထပ်အိပ်နေလေ့ရှိကြောင်းဆိုပါတယ်။

လင်းလင်း(ShweMom)

SHARE