ယူကရိန်းလေယာဉ်ပစ်ချခံရတဲ့ ဗီဒီယိုဖိုင် ရိုက်ကူးခဲ့သူကို အီရန်အစိုးရ ဖမ်းဆီး

Wikimedia Commons

အမေရိကန်နဲ့ အီရန်အရေးမာနေချိန်မှာ အီရန်ဘက်က Tehran ကနေ ပျံသန်းလာခဲ့တဲ့ ခရီးသည် အများအပြားပါဝင်လာတဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ပါတယ်။ ဒီလိုဒုံးကျည်နဲ့ ပစ်ခတ်ခဲ့ခြင်းကြောင့် လေယာဉ်ပေါ်လိုက်ပါစီးနင်းလာတဲ့ ခရီးသည် ၁၇၆ ယောက်လုံး သေဆုံးခဲ့တာပါ။ စစ်ရေးကျွမ်းကျင်သူများဟာ ယူကရိန်းလေယာဉ်ပစ်ချခံခဲ့ရခြင်းဟာ ဒုံးကျည်နဲ့ ပစ်ခံလိုက်ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် အီရန်အစိုးရဟာ အစကတော့ သူတို့ ပစ်မချခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

ယူကရိန်းဘက်က ကျွမ်းကျင်ပညာရှင်များဟာ လေယာဉ်ပျက်ကျရာ နေရာကို သွားရောက်ပြီး စုံစမ်းရှာဖွေခဲ့ပါသေးတယ်။ လေယာဉ်ပျက်ကျရာ အနီးတစ်ဝိုက်မှာ ရှိတဲ့ သက်သေခံပစ္စည်းတွေ ကောက်ယူခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ နယူးယော့ခ်တိုင်းမ်သတင်းစာက ယူကရိန်းလေယာဉ်ကို အီရန်အစိုးရက ပစ်ချခဲ့တဲ့ ဗီဒီယိုဖိုင် သက်သေကို ထုတ်ပြန်လိုက်ခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ လေယာဉ်ပျံသန်းနေစဉ် မြေပြင်မှ ဒုံးကျည်နဲ့ ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတဲ့ ရုပ်သံများလည်း ပါဝင်ခဲ့ပါတယ်။

 

ဒီနောက်မှာတော့ အမေရိကန်အစိုးရဘက်က စစ်ရေးကျွမ်းကျင်သူများဟာ ယူကရိန်းလေယာဉ်ပျက်ကျခဲ့တာဟာ အီရန်အစိုးရရဲ့ လက်ချက်ဖြစ်ကြောင်းကိုပါ တစ်ပါတည်း ကြေငြာခဲ့ပါတာပါ။ ဒီလို ပစ်ချခဲ့တဲ့ ဗီဒီယိုဖိုင်ထွက်လာတဲ့ အချိန်အထိတိုင်အောင် အီရန်အစိုးရဟာ သူတို့ပစ်ခတ်ကြောင်းကို ဝန်မခံသေးပါဘူး။

နောက်ရက်အနည်းငယ်အကြာမှာတော့ ယူကရိန်းလေယာဉ်ပစ်ချခံခဲ့ရတဲ့ နောက်ထပ်ဗီဒီယိုဖိုင်တစ်ခုလည်း ထွက်လာခဲ့ပါတယ်။ တိုင်းမ်သတင်းစာတိုက်က သတင်းစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အဲဒီဗီဒီယိုဖိုင်ဟာ တကယ့် အီရန်အစိုးရက ယူကရိန်းလေယာဉ်ကို ပစ်ချခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုဖြစ်ကြောင်းကို သက်သေပြခဲ့ပါတယ်။ အဲဒီဗီဒီယိုဖိုင်ကို ရိုက်ကူးခဲ့သူကတော့ လေယာဉ်ပျက်ကျရာ နေရာအနီးတစ်ဝိုက်မှာနေတဲ့ အီရန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ဗီဒီယိုဖိုင်ကို ပစ်ချခံရတဲ့ နောက်တစ်နေ့ YouTube မှာ တင်ရှိခဲ့တာပါ။

Twitter/BNO

ဒီလို လေယာဉ်ပစ်ချတဲ့ ဗီဒီယိုဖိုင်ကို ရိုက်ကူးတင်ရှိခဲ့တဲ့ လူကို ဖမ်းဆီးထားတယ်လို့ အီရန်အစိုးရက (၁၄.၁.၂၀၂၀)ရက်နေ့က ပြောဆိုခဲ့ကြောင်း Insider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အခုအချိန်မှာတော့ ဘယ်အမှုနဲ့ တရားရင်ဆိုင်ရမလဲဆိုတာ မသိရှိသေးပေမယ့် အများစုကတော့ နိုင်ငံတော်လုံခြုံရေးချိုးဖောက်မှုနဲ့ တရားစွဲ ဆိုခံရဖို့ရှိနေတယ်လို့ ပြောဆိုနေကြပါတယ်။

အီရန်အစိုးရဘက်ကတော့ ဒီလိုလေယာဉ်ပစ်ချခဲ့ခြင်းဟာ မတော်တဆမှုတစ်ခုသာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ လူပေါင်းများစွာကိုလည်း အရေးယူထားကြောင်းပြောဆိုခဲ့ပါတယ်။ အီရန်သမ္မတဟတ်ဆန်ရိုဟာနီကတော့ ဒီအမှုကို “အထူးတရားခွင်”ဖွင့်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောဆိုပါတယ်။

“ဒီအမှုက သာမာန်ဖြစ်နေကျ ရိုးရိုးအမှုတစ်ခုမဟုတ်ဘူး။ တစ်ကမ္ဘာလုံးက ဒီအမှုကို စောင့်ကြည့်နေကြတယ်”လို့ မိန့်ခွန်းတစ်ခုထဲမှာ ပြောဆိုခဲ့ပါတယ်။

Ye Yint Kyaw

SHARE