ယူကရိန်းလေယာဉ်ကို ပစ်ချမိလို့ “သေချင်စိတ်ပေါက်တယ်”လို့ ညည်းတွာခဲ့တဲ့ အီရန်ဗိုလ်ချုပ်

Twitter/IRGC

အီရန်စစ်ဘက်ဆိုင်ရာမှာ အဆင့်မြင့်ရာထူးကြီးကို ရယူထားတဲ့ ဗိုလ်ချုပ်ကြီး အာမီရာအလီဟာဂျီဆာဒက်က ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချခဲ့မှုနဲ့ပတ်သက်ပြီး၊ သူ့မှာ တာဝန်ခံမှုအပြည့်ရှိတယ်လို့ ပြောခဲ့ပါတယ်။ သူဟာ ဒီလေယာဉ်ကို မှားယွင်းပစ်ချမိခြင်းကြောင့် “ ကျုပ်ကတော့ သေချင်တော့တာပဲ”ဆိုပြီး စိတ်ပျက်လက်ပျက် ပြောခဲ့တာပါ။

အီရန်တာဝန်ရှိသူတွေက လေယာဉ်ကို မှားယွင်းပစ်ချခဲ့မိကြောင်း ဝန်ခံပြီးနောက် ဗိုလ်ချုပ်အာမီရာအလီဟာဂျီဆာဒက်က ပြီးခဲ့တဲ့စနေနေ့မှာ “ ကျုပ်ကတော့ သေချင်တော့တာပါပဲ … ဒီလို အဖြစ်ဆိုးမျိုး တစ်ခါမှ မမြင်ခဲ့ဖူးဘူး … ဒီအဖြစ်အပျက် ဖြစ်ချိန်မှာ ကျုပ်က အီရန်အနောက်ပိုင်းကို ရောက်နေပါတယ် … သိသိချင်ပဲ ကျနော် ကိုယ့်ကိုယ်ကို ပြောမိတယ် .. သေတာကမှ အေးမယ်ပေါ့ …”လို့ ပြောခဲ့ပါတယ်။

 

ဗိုလ်ချုပ်အာမီရာအလီဟာဂျီဆာဒက်ဟာ အီရန်ရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ရဲ့ တပ်မှူးဖြစ်ပြီး သူက “ ဒီလိုအဖြစ်အပျက်မျိုး မြင်လည်း မမြင်ဖူးခဲ့သလို … မြင်ရတာထက် သေတာကမှ အေးပါဦးမယ် … ကျွန်တော် အခုပြောချင်တာက ဒီမတိုင်ခင် ဘာဖြစ်ခဲ့တယ်ဆိုတာပါ …”လို့ ပြောပါတယ်။

သူက “တစ်ယောက်ယောက် အမှားလုပ်တယ်ဆိုလည်း ကျွန်တော်တို့ အုပ်ချုပ်မှုအောက်မှာမို့ ကျွန်တော်တို့က တာဝန်ယူရမှာပါ … သူတို့မှာ အပြစ်မရှိပါဘူး … သတင်းအချက်အလက် မှားယွင်းရာကနေ ဖြစ်ခဲ့တာပါ … လေယာဉ်ကို ပဲ့ထိန်းဒုံးကျည်လို့ ထင်ပြီး တန်ပြန်ပစ်ချဖို့ ဆုံးဖြတ်ခဲ့တာပါ ”လို့ ပြောခဲ့ပါတယ်။

ထိုအချိန်မှာ လေယာဉ်ကလည်း အနိမ့်က ကပ်ပျံနေတာဖြစ်လို့ တာတိုပစ်ဒုံးကျည်က ထိအောင်ပစ်နိုင်ခဲ့တာလို့ အာမီရာအလီက ပြောပါတယ်။ ဒီလိုမှားယွင်းပစ်ချလိုက်မှုကြောင့် အပြစ်မဲ့လူသား (၁၇၆)ဦး သေဆုံးခဲ့ရပြီး၊ သေဆုံးသူတွေနဲ့ သက်ဆိုင်တဲ့နိုင်ငံတွေကလည်း အီရန်အပေါ် တင်းမာမှုတွေ ဖြစ်နေပါတယ်။ ဒီလိုပဲ အများဆုံးသေဆုံးခဲ့ရတဲ့ အီရန်နိုင်ငံသားတွေကိုယ်စား ဆန္ဒပြသူတွေ သောင်းနဲ့ချီရှိနေတာမို့ အီရန်အတွက်တော့ ပိုပြီး ခက်ခဲမှုတွေ ဖြစ်စေပါတယ်။

လင်းသုတ

SHARE