ပစိဖိတ်သမုဒ္ဒရာထဲက မားစ်ဂြိုလ်ရဲ့မျက်နှာပြင် ပုံစံမျိုးရှိနေတဲ့ ထူးခြားတဲ့ ကျွန်းကလေး

နာဆာသိပ္ပံပညာရှင်တွေ အပြောအရ  လွန်ခဲ့တဲ့ (၄) နှစ်တုန်းက ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းမှာ ထူးခြားတဲ့ ကျွန်းလေးတစ်ကျွန်းဖြစ်ပေါ်ခဲ့ပြီ်း ၄င်းကျွန်းမှာ လူတွေနေထိုင်လို့ ရကြောင်း သိရပါတယ်။ ကျွန်းကလေးဟာ (၂၀၁၄) ခုနှစ် ဒီဇင်ဘာကနေ (၂၀၁၅) ခုနှစ် ဇန်န၀ါရီအတွင်း တွန်ဂါနိုင်ငံနားက မီးတောင်ပေါက်ကွဲမှုတစ်ခုကနေ ပေါ်ပေါက်လာတာပါ။ ကျွန်းကလေးဟာ Hunga Tonga နဲ့ Hunga Ha’apai ဆိုတဲ့ ကျွန်းနှစ်ကျွန်းကြားထဲက ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

၎င်းကျွန်းကလေးဟာ လွန်ခဲ့တဲ့နှစ်(၁၅၀) အတွင်း မီးတောင်ပေါက်ကွဲလို့ ဖြစ်ပေါ်လာတဲ့ ကျွန်း(၃) ကျွန်းရှိတဲ့အနက် တစ်ကျွန်းသာဖြစ်ပါတယ်။ ကျွန်းလေးဟာ သမုဒ္ဒရာရဲ့ တိုက်စားတတ်တဲ့ ဒီရေတွေကို ကြံ့ကြံ့ခံပြီး ရှင်သန်လာတဲ့ ကျွန်းလေးဖြစ်ကြောင်း နာဆာက ဆိုပါတယ်။ နာဆာသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ ဒန်စလေးဘက်ခ်က ကျွန်းလေးပေါ်ကို လာရောက်လေ့လာနေသူတစ်ဦးပါ။

“ကျွန်းလေးပေါ်ကို လာလေ့လာရတာ ခုမှ အသစ်အဆန်းစတွေ့ရတဲ့ ကျောင်းသားလေးတွေလိုပါပဲ။ ကျွန်းပေါ်က မြေသားက အနက်ရောက်ကျောက်စရစ် ကျောက်သားတွေပါ။ သဲလို့ ခေါ်လို့မရဘူး။ ကျောက်စရစ်လေးတွေက ပဲလုံးအရွယ်ရှိတယ်။ ကျွန်းပေါ်ကို ခြေဗလာနဲ့ လျှောက်သွားလို့ မရဘူးဗျ။ ဖိနပ်စီးရတယ်။ ကျောက်စရစ်တွေက ခြေထောက်နာလို့ပါ။ ပြီးတော့ ကျွန်းက ဂြိုလ်တုကနေ မြင်ရသလို မဟုတ်ဘူး။ ဂြိုလ်တုကနေတော့ ခပ်ပြားပြားလေး မြင်ရတယ်။ ဒါပေမယ့် ကျွန်းပေါ်မှာ အခြား ကျောက်သားနဲ့ ဒီရေတိုက်စားလို့ဖြစ်လာတဲ့ ထူးခြားမြေအနေအထားပုံစံလေးတွေလည်း တွေ့ရတယ်…”

READ
သဘာဝဘေးအန္တရာယ်တွေဖြစ်ပျက်ပြီး ကျန်ရစ်ခဲ့တဲ့ ဆိုးဆိုးဝါးဝါးအနေအထားများ

တဖန်ဆက်ပြီး “ဂြိုလ်တုထဲမှာ အရောင်ဖျော့ဖျော့အရာဝတ္ထုကို တွေ့ရလိမ့်မယ်။ အဲဒါကတော့ ရွှံ့ပါ။ ရွှံ့က အရမ်းစေးတယ်။ အဲဒီရွှံ့တွေက ဘယ်ကဘယ်လိုဖြစ်သလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း လေ့လာနေတုန်းပဲ။ သေချာတာက ပြာတွေတော့ မဟုတ်ဘူးဗျ…” လို့ဒန်စလေးဘက်ခ်က ဆိုပါတယ်။

ရွှံ့တွေအပြင် ကျွန်းပေါ်မှာ အလိုအလျောက် ပေါက်ရောက်နေတဲ့ စားပင်သီးနှံအချို့ကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် ဇီးကွက်နဲ့ အခြားရာပေါင်းများစွာသော ငှက်တွေပါ အသိုက်လုပ်ပြီး နေနေတာကို တွေ့ခဲ့ရပါတယ်။ သုတေသနပညာရှင်အဖွဲ့ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကမှ ကျွန်းလေးပေါ်ကို သွားရောက်လေ့လာခဲ့ကြတာပါ။ ကျွန်းလေးပေါ်ကို ခြေချချမိချင်း၊ စလေးဘက်ခ်နဲ့ အဖွဲ့ဟာ ကျွန်းရဲ့ မြေနမူနာတွေကို လေ့လာပြီး ကျွန်းရဲ့သက်တမ်းဟာ ဘယ်လောက်ရှိနိုင်မလဲဆိုတာကို နားလည်ဖို့ ကြိုးစားခဲ့ကြပါတယ်။

၎င်းကျွန်းကိုတော့ တရားဝင် နာမည်မသတ်မှတ်ပေးရသေးပါဘူး။ ကျွန်းကြီးနှစ်ကျွန်းကြားထဲမှာ ရှိတာကြောင့် လတ်တလောမှာ Hunga Tonga-Hunga Ha’apai သို့မဟုတ် HTHH လို့ ခေါ်ပါတယ်။ HTHH ကျွန်းဟာ နာဆာသိပ္ပံပညာရှင်တွေအတွက်တော့ အင်မတန်စိတ်ဝင်စားဖွယ် ဖြစ်နေတာပါ။ ဘာကြောင့်လဲဆို ကျွန်းရဲ့ အနေအထားက မားစ်ဂြိုလ်နဲ့ ဆင်တူတာကြောင့် မီးတောင်တွေအနေနဲ့ ရေနဲ့ ဘယ်လိုဓာတ်ပြုတယ်ဆိုတာကို တွေးစရာ လေ့လာစရာ ဖြစ်စေတာကြောင့်ပါ။ (၂၀၁၇) ခုနှစ်တုန်းက နာဆာရဲ့ ခန့်မှန်းချက်အရတော့ ကျွန်းဟာ (၆) နှစ်ကနေ နှစ်(၃၀) အတွင်း သက်တမ်းရှိလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

READ
ရုရှားနိုင်ငံက အနုပညာလက်ရာမြောက်ပြီး လှပလွန်းတဲ့ မြေအောက်ဘူတာရုံများ

လင်းလင်း (ShweMom)

Ref: dailymail, foxnews

SHARE