ဆေးခြောက်သုံးစွဲခြင်းကြောင့် နှလုံးရောဂါအမျိုးမျိုး ဖြစ်စေနိုင်မှု ပိုမိုမြင့်မားဟုဆို

Imdb/PeakyBlinders

တချို့နိုင်ငံတွေမှာတော့ ဆေးခြောက်သုံးစွဲခွင့်နဲ့ တနိုင်တပိုင်စိုက်ပျိုးခွင့်ဟာ အကန့်အသက်သဘောနဲ့ ရရှိနေကြပါတယ်။ ဆေးခြောက်သုံးစွဲခြင်းဟာ လူငယ်ထုအတွင်းမှာ အတော်လေး လှိုက်စားနေပြီး၊ ဒီလိုမျိုးက ဖြစ်သင့်တယ် မဖြစ်သင့်ဘူးဆိုတာထက် ကျန်းမာရေးရှုထောင့်ကနေ ဝေဖန်ပိုင်းခြားဖို့ လိုလာပါတယ်။

ဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့အဆိုအရတော့ ဆေးခြောက်သုံးစွဲခြင်းကြောင့် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားမှု ပိုမိုမြင့်မားလာခဲ့တယ်လို့ ဆိုပါတယ်။ နှလုံးခုန်မမှန်ခြင်း၊ နှလုံးရပ်သွားခြင်း၊ ရုတ်တရက် နှလုံးရောဂါဖြစ်ခြင်း စတဲ့ဝေဒနာတွေခံစားရဖို့ အလားအလာ ပိုများတယ်လို့ Metro သတင်းစာရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။

Universtiy of Colorado

ဒီလေ့လာမှုကို University of Colorado တက္ကသိုလ်မှ ပါမောက္ခ Robert Page နဲ့ ပညာရှင်တွေအဖွဲ့က ပြုလုပ်ခဲ့တာပါ။ ဆေးခြောက်သုံးစွဲခြင်းကြောင့် နှလုံးနဲ့ သွေးကြောတွေအတွက် ဘာကောင်းကျိုးမှ မရနိုင်ပါဘူးတဲ့။ ဆေးခြောက်မှာပါဝင်တဲ့ Tetrahydrocannabinol ဓာတုဓာတ်တစ်မျိုးဟာ နှလုံးရောဂါတွေသာမက ရုတ်တရက်လေသင်တုန်းဖြတ်ခြင်း စတာတွေကိုဖြစ်စေနိုင်ပါတယ်။

နောက်ပြီး ဆေးခြောက်မှာ ဆေးလိပ်ရဲ့ ဘေးထွက်ဆိုးကျိုးလို Carbon monoxide intoxication ကိုလည်း ဖြစ်စေနိုင်ပြီး၊ ကာဘွန်ဓာတ်တွေဟာ နှလုံးရောဂါ၊ နှလုံးကြွက်သား ကျုံ့ခြင်းဆိုင်ရာ ရောဂါတွေ၊ ရင်ဘတ်အောင့်ခြခင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

ဆေးခြောက်ကို Vape ပုံစံမျိုးနဲ့သုံးစွဲတဲ့အခါမှာလည်း အထက်ပါ ဆိုးကျိုးတွေ ရနိုင်တဲ့အပြင် ပီတာမင်အီး အက်ဆီတိတ်ဓာတ်ပေါင်းနဲ့ ရောစပ်လိုက်တဲ့အခါမှာတော့ EVALI လို့ခေါ်တဲ့အဆုတ်ပိုင်းဆိုင်ရာ ရောဂါတွေအပြင် သေသည်အထိ ဒုက္ခပေးနိုင်တယ်လို့ သိရပါတယ်။

Twitter/Leafly

နောက်ပြီး ဆေးဘက်ဆိုင်ရာ သုတေသနစာတမ်းတွေအရ ဆေးခြောက်ဟာ တခြားကျန်းမာရေးဆိုင်ရာ ကောင်းကျိုးတွေ ပေးနိုင်ကြောင်းကိုလည်း တိကျခိုင်မာတဲ့အထောက်အထားတွေလည်း မရှိခဲ့ဘူးလို့ဆိုပါတယ်။ သို့သော်လည်း တချို့ပညာရှင်တွေက ဆေးခြောက်ဟာ သွက်ချာပါဒနဲ့ လေးဘက်နာကဲ့သို့သော ရောဂါတွေနဲ့ ခက်မာမှုလက္ခဏာတွေကို ပျောက်ကင်းစေနိုင်တယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် ဒီအချက်က တကယ်ဟုတ်မဟုတ်ဆိုတာကိုတော့ လိုအပ်တဲ့ သုတေသနလုပ်ငန်းတွေ လိုအပ်နေပါသေးတယ်။ ဒေါက်တာ  Robert Page က ဆေးခြောက်ကို ဆေးဘက်ဝင်အသုံးပြုနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်တွေကြောင့် နိုင်ငံတော်တော်များများမှာ တရားဝင် ဖြစ်လာခဲ့ပေမယ့်၊ သူ့ရဲ့သဘောတရားကို ပညာရှင်တွေ နားလည်ဖို့ ကြိုးစားနေရတယ်လို့ ပြောပါတယ်။

Twitter/Leafly

American Heart Association (AHA) အဖွဲ့မှ ဆေးဝါးနဲ့ ဆေးသိပ္ပံဆိုင်ရာဒုတိယအကြီးအကဲဖြစ်သူ ပါမောက္ခ ဒေါက်တာ Rose Robertson ကတော့ ဆေးခြောက်သုံးစွဲခြင်းဟာ ဆေးလိပ်သောက်သလိုပဲ အန္တရာယ်ကြီးမားပြီး၊ ဆိုးရွားတဲ့ကျန်းမာရေးတွေကို ဖြစ်စေလိမ့်မယ်လို့ သတိပေးခဲ့ကြောင်း သိရပါတယ်။

လင်းသူရိန်

SHARE