ရေအောက်အသက်ရှူမျက်နှာဖုံးတွေနဲ့ ကိုဗစ်လူနာတွေကို ကူညီပေးနေတဲ့ အင်ဂျင်နီယာများ

Shutterstock/Isinnova

အီတလီလူမျိုး အင်ဂျင်နီယာနှစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း ရေအောက်မှာအသက်ရှူတဲ့ အသက်ရှူမျက်နှာဖုံးနဲ့ ပိုက်တွေကိုသုံးပြီး လူနာတွေကို အောက်ဆီဂျင်ရအောင် ဖန်တီးပေးခဲ့ကြောင်း ladbible သတင်းကတဆင့် သိရပါတယ်။ ခရစ်ရှန်ဖရာကတ်စီနဲ့ အလက်ဇန်ဒရိုရိုမိုင်အိုလီတို့ဟာ အီတလီနိုင်ငံ ဘရီရှားမြို့က Isinnova အမည်ရတဲ့ နည်းပညာကုမ္ပဏီတစ်ခုက ဖြစ်ပါတယ်။

ဘရီရှားမြို့ကိုတော့ ရက်သတ္တပတ်ပေါင်းများစွာကြာအောင် lockdown လုပ်ထားခဲ့ပြီဖြစ်ကာ ရာပေါင်းများစွာသော အသက်တွေဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။ ခရစ်ရှန်နဲ့အလက်ဇန်တို့ဟာ ဒေသဆေးရုံမှာ အသက်ရှူစက်တွေအတွက် အဆို့ရှင်တွေမလုံလောက်ဘူးလို့ သိရတာနဲ့ တစ်ခုခုဖန်တီးဖို့ စီစဉ်ခဲ့တာပါ။ သူတို့အလုပ်လုပ်တဲ့ ကုမ္ပဏီအနေနဲ့ ဒီလိုမျိုးကို အရင်တုန်းက မလုပ်ခဲ့ဘူးလို့ သိရပါတယ်။

Shutterstock/Isinnova

အင်ဂျင်နီယာနှစ်ယောက်ဟာ ပထမဆုံး ဆေးရုံကိုသွားကြည့်ပါတယ်။ ပြီးတဲ့နောက် လူနာရဲ့အောက်ဆီဂျင်မျက်နှာဖုံးနဲ့ အသက်ရှူစက်ကြား ချိတ်ဆက်ထားတဲ့ အဓိကအစိတ်အပိုင်းကို စစ်ဆေးပါတယ်။ ဒီလိုနဲ့ အမှားအယွင်းအနည်းငယ်ရှိပြီးနောက်မှာတော့ သူတို့ရဲ့ 3D ပုံနှိပ်စက်နဲ့ တကယ်အလုပ်ဖြစ်တဲ့ အသက်ရှူကိရိယာပုံတူတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။

READ
လျှပ်စစ်စွမ်းအင်မလိုတဲ့ အဝတ်လျှော်စက်ကို တီထွင်ခဲ့တဲ့ (၉)နှစ်အရွယ် ကျောင်းသားလေး

အသက်ရှူပိုက်ကို ကြည့်ရတာမှာ ပလတ်စတစ်နဲ့တူပေမယ့်လည်း တည်ဆောက်ပုံဟာ တော်တော်လေးရှုပ်ထွေးပါတယ်။ အောက်ဆီဂျင်ကို ထုတ်ပေးတဲ့စက်က အပေါက်ဟာ အချင်းအားဖြင့် တစ်မီလီမီတာအောက်ရောက်နေတဲ့အတွက် သူတို့ထုတ်လုပ်တဲ့ ပိုက်နဲ့ဆက်သွယ်တဲ့အခါ အခက်အခဲတွေတော့ရှိခဲ့ပါတယ်။

Shutterstock/Isinnova

ဖန်တီးပြီးနောက်တစ်နေ့မှာတော့ သူတို့တွေဟာ ဆေးရုံကိုသွားခဲ့ကြပြီး ဆရာဝန်တွေကို စမ်းသပ်ခိုင်းခဲ့ပါတယ်။ ၀မ်းသာစရာပဲ အသက်ရှူပိုက်တွေက အလုပ်ဖြစ်တဲ့အတွက် ဆေးရုံဆီ အခု(၁၀၀) လောက်ယူလာပေးဖို့ ဆရာဝန်တွေက အကူအညီတောင်းခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်လည်း ရုံးခန်းဆီပြန်သွားပြီး နောက်ထပ် ပိုက် အခု (၁၀၀) ကို ဖန်တီးကာဆေးရုံဆီ လာလှူဒါန်းခဲ့ပြန်ပါတယ်။ အခုဆိုရင်တော့ ခရစ်ရှန်နဲ့ အလက်ဇန်တို့ရဲ့အသက်ရှူပိုက်ကိရိယာကို အီတလီမြောက်ပိုင်းမှာရှိတဲ့ အခြားဆေးရုံတွေကလည်း အသုံးပြုနေပါပြီ။ သူတို့နှစ်ဦးကတော့ ဒီထက်ပိုပြီး တစ်ကမ္ဘာလုံးကိုလှူဒါန်းဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE