Jack Ma ဟာ သူ့ရဲ့နည်းပညာကုမ္ပဏီက တရုတ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ စောင့်ကြည့်စစ်ဆေးမှုကို ရင်ဆိုင်နေရချိန်အတွင်း လအတန်ကြာပျောက်နေခဲ့ရာမှ အခုမှ ပထမဆုံးအကြိမ် လူထုရှေ့ကိုထွက်ပေါ်လာတာဖြစ်ပါတယ်။ Alibaba (BABA) ကို ပူးတွဲတည်ထောင်သူ ဘီလျံနာ Jack Ma ကိုတော့ ဗုဒ္ဓဟူးနေ့မှာပဲ တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုက ထုတ်လွှင့်တဲ့ဗီဒီယိုထဲ တွေ့ခဲ့ရတာပါ။ သူဟာ ပရဟိတပွဲတစ်ခုအတွက် တရုတ်ကျေးလက်ဒေသမှာရှိတဲ့ ကျောင်းဆရာတွေနဲ့စကားပြောနေခဲ့တာဖြစ်ပါတယ်။
ဒီဗီဒီယိုကိုတော့ Zhejiang အစိုးရရဲ့တရားဝင်သတင်းစာခွဲတစ်ခုဖြစ်တဲ့ Tianmu News ကနေ အွန်လိုင်းက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ Zhejiang ပြည်နယ်ဟာ Alibaba အခြေစိုက်ရာမြို့တစ်မြို့ဖြစ်တဲ့ Hangzhou ရဲ့ နေအိမ်လည်းဖြစ်ပါတယ်။ Jack Ma ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာကတည်းက ဆိုရှယ်မီဒီယာမှာရော လူထုကြားထဲထွက်လာတာရော မမြင်တွေ့ရတော့တာပါ။

ဒီဗီဒီယိုထုတ်လွှင့်ပြီးနောက်မှာတော့ Alibaba ရဲ့ဟောင်ကောင်ရှယ်ယာတွေဟာ ၈.၅ရာခိုင်နှုန်းခန့် တက်သွားတယ်လို့ သိရပါတယ်။ အခုလိုရှယ်ယာဈေးတက်သွားမှုဟာ ပြီးခဲ့တဲ့ဇူလိုင်လကတည်းကစလို့ အခုထိ အကောင်းဆုံးရှယ်ယာတန်ဖိုးဖြစ်ခဲ့တာပါ။ Jack Ma Foundation က ထုတ်ပြန်တဲ့သတင်းကြေညာချက်မှာတော့ Jack Ma ဟာ Rural Teacher Initiative လို့ခေါ်တဲ့ ဆရာတွေအတွက် အွန်လိုင်းဆုချီးမြှင့်ပွဲမှာ ပါဝင်ခဲ့တာဖြစ်ကြောင်း ဆိုထားပါတယ်။
အင်္ဂလိပ်စာဆရာဟောင်းဖြစ်တဲ့ Jack Ma ဟာ သူ့ဖောင်ဒေးရှင်းအတွက် ၂၀၁၉ခုနှစ်မှာ သူ Alibaba ကနေ အနားယူစဉ်ကစပြီး ပညာရေးကိုအဓိကထား လုပ်ဆောင်နေတာဖြစ်ပါတယ်။ အခုတွေ့ရတဲ့ ဗီဒီယိုထဲမှာတော့ သူက Covid-19 ကြောင့် လူချင်းတွေ့ဆုံပြီး ဆုချီးမြှင့်တာမျိုးကို မလုပ်နိုင်တော့တဲ့အကြောင်း ဆိုထားပါတယ်။ “ကပ်ရောဂါပြီးသွားတဲ့အခါ ကျွန်တော်တို့ပြန်တွေ့ကြဦးမယ်။” လို့လည်း Jack Ma က ပြောခဲ့ပါသေးတယ်။
ShweMom