အသက်အန္တရာယ်နဲ့ အကြိမ်(၂၀၀)ကျော် ရင်ဆိုင်ခဲ့ရဖူးကြောင်း ဖွင့်ဟလိုက်တဲ့ ဂျက်ကီချန်း

YouTube/Vanguard

ကမ္ဘာကျော်မင်းသားကြီး ဂျက်ကီချန်းဟာ အခုဆိုရင် အသက် (၆၅)ကို ရောက်နေပါပြီ။ သူ့ဇာတ်ကားတွေကို ကြည့်ပြီး ကြည့်ပြင်းခဲ့ရတဲ့ သူတွေအတွက် ဇာတ်ကားအသစ်တွေ ထွက်ပေါ်လာလေမလား မျှော်လင့်နေကြပေမယ့် သူ့အသက်အရွယ်နဲ့ဆို အများကြီး ထပ်ပြီး ထွက်လာဖို့ မလွယ်တော့တဲ့ အခြေအနေပါ။ အလွန်အလုပ်ကြိုးစားတဲ့ ဂျက်ကီဟာ အန္တရာယ်ရှိတဲ့ စတန့်တွေကိုလည်း သူကိုယ်တိုင် လူစားမထိုးဘဲ ရိုက်ကူးခဲ့သူပါ။

အနုပညာလောကထဲကို (၁၇)နှစ်သားကတည်းက ဝင်ရောက်ခဲ့တဲ့ ဂျက်ကီဟာ အခုဆိုရင် အနုပညာလုပ်သက် (၄၈)နှစ်ထဲကို ရောက်လာပြီဖြစ်ပါတယ်။ သူဟာ ရိုက်ကူးရေးမှာ မတော်တဆမှုတွေနဲ့ မကြာခဏ အသက်အန္တရာယ် ရင်ဆိုင်ခဲ့ရသော်လည်း အခုအချိန်ထိ ဘေးမသီရန်မခ ရှင်သန်နေဆဲပါ။

နောက်ဆုံးရိုက်ကူးထားတဲ့ Vanguard ဇာတ်ကားမှာတောင် သူစီးနင်းခဲ့တဲ့ Jet ski (လျှပ်ပြေးယာဉ်ငယ်)ဟာ ကျောက်ဆောင်ကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ပါတယ်။ ဂျက်ကီဟာ ယာဉ်အောက်မှာ ညပ်နေခဲ့ပြီး၊ သူ့ဘာသာသူ ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ရိုက်ကူးရေးအဖွဲ့သားတွေက သူ့ကို အမြန်ကယ်တင်နိုင်ခဲ့လို့သာ သူ အသက်ချမ်းသာရာ ရခဲ့တာပါ။

YouTube/Vanguard

မကြာသေးခင်က အီးမေးလ်အင်တာဗျူးတစ်ခုမှာ AsiaOne သတင်းထောက်က သူ့အနေနဲ့ ဘဝမှာ ဘယ်လောက်အထိ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ မတော်တဆမှုတွေ ဖြစ်ခဲ့လဲဆိုပြီး မေးမြန်ခဲ့ပါတယ်။ ဂျက်ကီက “ အများကြီးပဲဗျ … မတော်တဆမှု မဖြစ်သလောက် ဇာတ်ကားမျိုးတောင် ရှားပါတယ် … ငယ်ငယ်တုန်းကတော့ ပိုဖြစ်ခဲ့တာပေါ့ …အကြိမ်(၂၀၀) ကျော်မယ် ”လို့ AsiaOne ကို ပြောပါတယ်။

သူဟာ မတော်တဆမှုဖြစ်တိုင်းလည်း အချိန်ယူ ဇိမ်ခံတာမျိုး လုပ်လေ့မရှိဘူးလို့ ပြောပါတယ်။ နောက်ပြီး အက်ရှင်ဇာတ်ကားတွေမှာ အန္တရာယ်တစ်စုံတရာ ရှိနိုင်တဲ့အတွက်ကြိုတင်ပြီးတော့ ကယ်ဆယ်ရေးအစီအမံတွေကို ပြင်ဆင်ထားရတယ်လို့ ပြောပါတယ်။ သူက Vanguard ဇာတ်ကားမှာ နောက်ဆုံးဖြစ်ခဲ့တဲ့ မတော်တဆမှုနဲ့ပတ်သက်ပြီး-

READ
ဆွန်ဆွန်ကို လေဆိပ်လိုက်ပို့ခဲ့တဲ့ အဆိုတော် ဟန်ထူးဈာန်

“ အဲဒီလို မတော်တဆမှုဖြစ်ပြီးတော့ ကျွန်တော် အဝတ်အစားလဲပြီး ရေနည်းနည်းလောက် သောက်လိုက်တယ် .. နောက် ဇာတ်ကား ဆက်ရိုက်ခဲ့တယ် … သင့်အနေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ကိုယ့်ကိုယ်စောင့်နေရတာမျိုး မဖြစ်သင့်ဘူးလေ .. သရုပ်ဆောင်တွေဆိုတာ ပရော်ဖက်ရှင်နယ်တွေ ဖြစ်နေသင့်တယ် … ကျွန်တော်ကတော့ ဖိုက်တင်ခန်းတွေကို ဘယ်လို ပိုကောင်းအောင် လုပ်ရမလဲဆိုတာပဲ စိတ်ဝင်စားတယ်”လို့ ပြောခဲ့ပါတယ်။

အဆိုးရွာဆုံး မတော်တဆဖြစ်မှုကတော့ (ယခင်တုန်းကအခေါ်)ယူဂိုစလားဗီးယားမှာ Armour of God ဇာတ်ကား ရိုက်ကူးစဉ်တုန်းက ဖြစ်ပြီး၊ ခုနှစ်အားဖြင့် (၁၉၈၆)ခုနှစ်ကလို့ သိရပါတယ်။ သူဟာ သစ်ပင်ပေါ်က ခုန်ချရတဲ့အခန်းမှာ စတန့်လုပ်ခဲ့ရပြီး၊ ပထမအကြိမ် ကြိုးစားတာကို ဒါရိုက်တာက သိပ်သဘောမကျလို့ နောက်တစ်ကြိမ် ကြိုးစားခဲ့ရပါတယ်။

သူဟာ သစ်ကိုင်းကျိုးကျရာကနေ မြေပြင်ပေါ်ကို ခြေပစ်လက်ပစ် ပြုတ်ကျခဲ့ပါတယ်။ သူဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ ဦးခေါင်းခွံ ပေါက်သွားခဲ့လို့ သတ္တုပြားအစားထိုးထည့်သွင်းခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။ ဒီလို ဖြစ်ခဲ့ရပေမယ့် ဘာလို့ စတန့်လောကက အနားမယူတာလဲ သတင်းထောက်က မေးတော့ ဂျက်ကီက-

“ ကျွန်တော်လည်း အပ်ချည်ကြိုးပေါ် လမ်းလျှောက်ရတဲ့ဘဝကို မကြိုက်ပါဘူး .. ဒါပေမယ့် ပရိသတ်က ကျွန်တော့်ဆိုရင် စတန့်သမား အစားထိုးသုံးတာကို မလိုချင်ဘူးဗျ … နောက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း အဲဒီလို မလုပ်ချင်ဘူး … အခု ကျွန်တော် အိုနေပြီလေ … ဒီတော့ ဖိုက်တင်လုပ်တဲ့ နည်းလမ်းတွေကို ပြောင်းလဲခဲ့ရတယ် .. ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဖိုက်တင်အမြင်တွေနဲ့ သရုပ်ဆောင်နေဆဲပါ … လေ့ကျင့်မှုတွေ နှစ်အကြာကြီး လုပ်ခဲ့တာရယ် .. ကွန်ဖူးအခြေခံလည်း ကောင်းခဲ့တာကြောင့် သာမန် ထိုးတာကြိတ်တာလောက်တော့ ခံနိုင်ရည် ရှိပါသေးတယ် ”လို့ ပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

You only live once, but if you do it right, once is enough.

A post shared by 成龍 Jackie Chan (@jackiechan.official) on

Vanguard ဇာတ်ကားဟာ မင်းသားကြီး Stanley နဲ့ ဂျက်ကီတို့အတွက် အနှစ်(၃၀)အတွင်းမှာ (၉)ကြိမ်မြောက် ပါဝင်ခြင်းဖြစ်ပါတယ်။ Jet ski မတော်တဆမှုဖြစ်တော့ Stanley ဟာ ဂျက်ကီအတွက် အလွန်စိုးရိမ်ပြီး ငိုခဲ့ရသေးတယ်လို့ ဆိုပါတယ်။ ဂျက်ကီကတော့ Stanley ငိုတာကို နှစ်ပေါင်းများစွာ အတူတွဲခဲ့တဲ့ ကာလအတွင်းမှာ ပထမဆုံးမြင်ဖူးတာလို့ ဆိုခဲ့ပါတယ်။

လင်းဇော်ကို

SHARE