အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်တဲ့ ခွေးကလေးတွေ၊ ကြောင်ကလေးတွေဆိုတာဟာ လူတွေအတွက် အကောင်းဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေပဲ ဖြစ်ပါတယ်။ သူတို့လေးတွေရဲ့ အပြုအမူတွေ၊ နေထိုင်ပုံတွေကြောင့် လူတွေရဲ့ ဘဝအမောတွေ ပြေပျောက်ရတာဖြစ်ပြီး သူတို့ သခင်တွေအပေါ်လည်း အရမ်းကို သိတတ်တဲ့ တိရစ္ဆာန်လေးတွေ ဖြစ်ပါတယ်။ လူတော်တော်များများကတော့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ရဲ့ မိသားစုလို သဘောထားကြတဲ့အတွက် သူတို့လေးတွေ သေဆုံးသွားတဲ့ အခါမျိုးမှာ အရမ်းကို ပူဆွေးသောကရောက်ရပါတယ်။ အခုဆိုရင်တော့ ဒီလိုမျိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို လူတွေသေဆုံးသွားတဲ့အခါမှာ ပြုလုပ်ပေးတဲ့ အသုဘအခမ်းအနားပုံစံအတိုင်း ပြုလုပ်ကာ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတစ်ခု ပေါ်ပေါက်လာပြီပဲ ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီကတော့ ဂျပန်နိုင်ငံ၊ Kyoto မြို့မှာရှိတဲ့ PET အမည်ရ ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။ PET ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အစောပိုင်းကတည်းက ဒီလိုမျိုး အိမ်မွေးတိရစ္ဆာန်တွေကို အသုဘအခမ်းအနားပြုလုပ်ပေးတဲ့ ဝန်ဆောင်မှုမျိုးကို ပြုလုပ်နေတာ ကြာပါပြီ။ အခုဆိုရင်တော့ အိမ်မွေးတိရစ္ဆာန်လေးတွေ သေဆုံးသွားရင် ဘုရားကျောင်းမှာ ကုသိုလ်ပြုပြီး အမျှဝေပေးလို့ရအောင်အတွက် PET ကုမ္ပဏီဟာ Jomanji အမည်ရ ဘုရားကျောင်းတစ်ခုနဲ့ collaboration လုပ်ကာ ဝန်ဆောင်မှုထပ်ပေးနေပြီပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး တိရစ္ဆာန်လေးတွေအတွက် ဘုရားကျောင်းမှာပါ ကုသိုလ်ပြုပြီး ဆုတောင်းပေးလို့ရတဲ့ အစီအစဉ်ကို PET ကုမ္ပဏီကနေပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။
ဒီလိုမျိုး ဝန်ဆောင်မှုအသစ်မှာတော့ PET ကုမ္ပဏီဖက်ကနေပြီးတော့ ဘယ်လိုမျိုးတွေ ပြုလုပ်ပေးမလဲဆိုတာကိုပါ ထည့်သွင်းကြေငြာခဲ့ပါသေးတယ်။ အဲဒါတွေကတော့ (၁)အိမ်မွေးတိရစ္ဆာန်လေးတွေ သေဆုံးသွားခဲ့ရင် လူသားတွေ သေသွားတဲ့အတိုင်း အသုဘအခမ်းအနားအတိုင်း ပြင်ဆင်ပေးတာတို့၊ (၂)အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ ပုံတွေကို အသုံးပြုပြီး အမှတ်တရ ဗီဒီယိုတစ်ခု ပြုလုပ်ပေးမှာတို့၊ (၃)အိမ်မွေတိရစ္ဆာန်လေးတွေရဲ့ အဝတ်အစားနဲ့ အခေါင်းကအစ အကုန်လုံး ကွက်တိဖြစ်အောင် ချုပ်လုပ်ပေးမှာတို့ ပါရှိကြောင်း သိရပါတယ်။
Pyi Hein Kyaw