ဂိမ်းတင်ဆက်ပုံကြောင့် အွန်လိုင်းပရိသတ်တွေ တခဲနက်ရရှိသွားတဲ့ ဂိမ်းဒါရိုက်တာ

twitter/theSirToasty

Tango Gameworks က creative director ဖြစ်သူ Ikumi Nakamura ဟာ GhostWire: Tokyo ဂိမ်းအတွက် မိတ်ဆက်စကားပြောပြီးတဲ့နောက် အွန်လိုင်းမှာ ချက်ခြင်းပဲ လူကြိုက်များသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ ပွင့်လင်းတဲ့ အပြောအဆိုနဲ့ စိတ်အားတက်ကြွဖွယ် အပြုအမူတွေကြောင့် လူတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိခဲ့တာ ဖြစ်ကြောင်း soranews24 နဲ့ gamerevolution အရ သိရပါတယ်။

Ghost Wire: Tokyo ဂိမ်းဟာ ဂျပန်စတူဒီယို Tango Gameworks က နောက်ဆုံးဖန်တီးထားတဲ့ သရဲအက်ရှင်ဂိမ်း ဖြစ်ပါတယ်။ ဗီဒီယိုဂိမ်းအကြောင်း စတိတ်ပေါ်မှာ မိတ်ဆက်ပေးသူတွေကတော့ Shinji Mikami နဲ့ Ikumi Nakamura တို့ ဖြစ်ပါတယ်။ Ghost Wire: Tokyo ဟာ အက်ရှင်စွန့်စားခန်းဂိမ်းတစ်မျိုးဖြစ်ပြီး ဂျပန်ရိုးရာ theme တွေနဲ့ သဘာဝလွန် တစ္ဆေဇာတ်ကောင်တွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။

ဂိမ်းကိုကြေညာတာဖြစ်ပေမယ့် ဗီဒီယိုဂိမ်း ပရိသတ်တွေရဲ့အာရုံဟာ မမျှော်လင့်ပဲ ဂိမ်းcreative director ရဲ့ ချစ်စရာကောင်းတဲ့ အစီအစဉ်ကြေညာပုံလေးကို ပိုသဘောကျသွားဟန် တူပါတယ်။ ဂိမ်းနဲ့ ပတ်သက်လို့ Nakamura ရဲ့ စိတ်ဝင်တစားရှင်းပြနေတဲ့ပုံစံကြောင့် သူမဟာ နာရီိပိုင်းအတွင်းမှာတင် ပရိသတ်တွေ အများအပြားရရှိခဲ့ပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို memes တွေနဲ့ fan art တွေတောင် ရေးသားဖန်တီးခဲ့ကြပါတယ်။

Nakamura ဟာ Okami ၊ Bayonetta နဲ့ The Evil Within တို့ကို ဖန်တီးခဲ့တဲ့ art director တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် The Evil Within ရဲ့ အမာခံပရိသတ်တွေကတော့ Nakamura ကို Tango Gameworks ရဲ့ ၀န်ထမ်းတစ်ယောက်ဖြစ်ကြောင်း သိရှိပြီး ဖြစ်ပါတယ်။ အောက်မှာ တွေ့ရတဲ့ပုံလေးတွေကတော့ Nakamura ကိုယ်တိုင် သူမပရိတ်သတ်တွေ ရေးဆွဲပေးထားတဲ့ fan art တွေကို တွစ်တာပေါ်မှာ ပြန်လည်တင်ပေးထားတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE