ဓားနဲ့အချက်ပေါင်း(၆၀)ကျော် အထိုးခံရလို့ ဂျပန်ရဲတပ်ဖွဲ့ကို တရားစွဲလိုက်တဲ့ ဂျပန် Idol

Mayu Tomita/Instagram

ဂျပန်နိုင်ငံရဲ့ Pop စတားတစ်ယောက်ဖြစ်တဲ့ မာယူတိုမီတာအမည်ရ Idol တစ်ဦးဟာ Metropolitan Police Department ရဲတပ်ဖွဲ့ကို ကြီးကြပ်ကွပ်ကဲနေတဲ့ Tokyo Metropolitan Government ရဲဌာနချုပ်ကို သူမရဲ့ နစ်နာမှုတွေအတွက် တရားစွဲဆိုခဲ့ကြောင်း သိရပါတယ်။ သူမကို လူတစ်ယောက်က ဓားနဲ့အချက်ပေါင်း (၆၀)ကျော်ထိ ထိုးသွင်းတိုက်ခိုက်ခဲ့မှုမှာ ရဲက အပြည့်အဝ ကာကွယ်မပေးနိုင်ခဲ့ဘူးဆိုပြီး သူမက စွပ်စွဲထားတာပါ။

အသက်(၂၃)နှစ်အရွယ် မာယူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့ကို တရားစွဲဆိုခဲ့တာဖြစ်ပြီး၊ ဒီလို တရားစွဲရခြင်းက ရဲတပ်ဖွဲ့ဝင်တွေဟာ လုံလောက်တဲ့တာဝန်မကျေပွန်ခဲ့လို့၊ နောက် သူမလိုအဖြစ်မျိုး တစ်ခြားလူတစ်ယောက်ယောက် ဖြစ်မှာကို မလိုလားတဲ့အတွက် တရားစွဲခဲ့တာပါလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၆)ခုနှစ် မေလတုန်းက မာယူဟာ တိုကျိုအနောက်ပိုင်း၊ ကွန်ဂါနိုင်ဆင်ခြေဖုံးမှာ ဖျော်ဖြေပွဲကျင်းပခဲ့တာဖြစ်ပြီး၊ အဲဒီပွဲမှာပဲ သူမကို ရန်ညှိုးထားနေတဲ့ အမျိုးသားပရိသတ် တိုမိုဟီရိုအီဝါဇာကီက သူမကို အတင်းဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ သူမဟာ လည်ပင်း၊ ရင်ဘတ်နဲ့ တစ်ခြားခန္ဓာကိုယ်အနှံ့မှာ ဓားဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမတိုင်မီက အီဝါဇာကီဟာ သူမထံကို အဖိုးတန် လက်ဆောင်တွေ၊ စာအုပ်နဲ့လက်ပတ်နာရီတွေ မကြာခဏ ပေးပို့ခဲ့ပြီး၊ မာယူက လက်ခံဖို့ မသင့်ကြောင်းဆုံးဖြတ်ကာ အဲဒီလက်ဆောင်တွေကို အီဝါဇာကီထံ ပြန်ပို့ပေးခဲ့ပါတယ်။ အဲဒီအခါမှာတော့ မာယူကို အီဝါဇာကီက ရန်ညှိုးထားကာ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့ မက်ဆေ့ အစောင်(၄၀၀)ကျော် ပေးပို့ခဲ့ပါတယ်။

Twitter /@tomitamayu
Twitter/@tomitamayu

ဒီအတွက် မာယူဟာ ရဲတပ်ဖွဲ့ကို သတင်းပေးတိုင်ကြားပြီး အကူအညီတောင်းခံခဲ့ပါတယ်။ ရဲတပ်ဖွဲ့က အရေးအရာ မလုပ်ခဲ့ပါဘူး။ အဲဒီနောက် ရဲတပ်ဖွဲ့ထံ လူကိုယ်တိုင် နှစ်ကြိမ်တိုင်တိုင် ဆက်သွယ် တိုင်ကြားခဲ့သော်လည်း ရဲဘက်က အမှုမထားခဲ့ပါဘူး။ ဒီလို တိုင်ကြားမှုတွေ အကြိမ်ကြိမ် ပြုလုပ်နေတဲ့ကြားက ရဲတပ်ဖွဲ့ဘက်က ပြည်သူတစ်ယောက်ကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာပါ။

မျက်မြင်သက်သေ ပရိသတ်တစ်ယောက်ရဲ့အဆိုအရ တရားခံ အီဝါဇာကီဟာ မာယူကို စတင်တိုက်ခိုက်ချိန်မှာ ပါးစပ်ကလည်း “ မင်း သေရမယ် .. သေကို သေရမယ် … ”လို့ပြောပြီး ဓားနဲ့ထိုးခဲ့တာလို့ သိရပါတယ်။ ဒီလိုနဲ့ မာယူဟာ ဆေးရုံမှာ (၄)လကြာ တက်ရောက်ခဲ့ရပါတယ်။ အခုဆိုရင် သီချင်းမဆိုရဲအောင် ကြောက်နေပါပြီ။

Twitter/@aime_hayashida

မာယူဟာ အစိုးရဆီကနေ သူမရဲ့ နစ်နာမှုတွေအတွက် ဒေါ်လာ(၇)သိန်းအထိ ရလိုကြောင်း တရားစွဲဆိုထားပြီး၊ တရားခံ အီဝါဇာကီကတော့ သူရဲ့ ကမူးရူးထိုးဆန်တဲ့ တိုက်ခိုက်မှုအတွက် ထောင်ဒဏ်(၁၄)နှစ်ခွဲ ချမှတ်ခံထားရပါတယ်။ တရားစွဲဆိုခံထားရတဲ့ ရဲတပ်ဖွဲ့ဘက်ကတော့ ဘာမှ ထုတ်ပြန်မှု မရှိသေးပါဘူး။

လင်းသူရိန် (Shwemom)

SHARE