ကျွန်တော်တို့ နေထိုင်နေတဲ့ ပတ်ဝန်းကျင်မှာ သူခိုးဝင်ခိုးတဲ့ ကိစ္စတော်တော်များများကို လူတော်တော်များများ သိရှိကြမှာပါ။ ကိုယ်တိုင် မကြုံတွေ့ဖူးရင်တောင်မှ ဘယ်အိမ်ကို သူခိုးက ဘယ်လိုဝင်ဖောက်သွားတယ်၊ ဘာခိုးသွားတယ် အစရှိတဲ့ သတင်းတွေကို တီဗ္ဗီတွေ၊ ဂျာနယ်တွေထဲမှာတော့် တွေ့ဖူးကြားဖူကြမှာပါ။ သူခိုးဆိုတာ များသောအားဖြင့် ပိုက်ဆံတွေ၊ လက်ဝတ်လက်စားတွေနဲ့ အခြားအဖိုးတန်ပစ္စည်းတွေကို လူလစ်တာနဲ့ ခိုးယူကြတာပါပဲ။ အခုပြောပြချင်တဲ့ သူခိုးကတော့ အိမ်သာတွေကိုပဲ အလုံးလိုက် ခိုးယူနေတဲ့ သူခိုးတစ်ယောက်ရဲ့အကြောင်းပါ။

အဆိုပါ ကိစ္စဟာ ဂျပန်နိုင်ငံ၊ Funabashi မြို့မှာပဲ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလတုန်းက Funabashi မြို့နယ်ရဲတပ်ဖွဲ့သို့ တိုင်ကြားစောင်တစ်စောင် ရောက်ရှိလာပါတယ်။အဲဒါကတော့ ဆောက်လုပ်အဆောက်အဦးတစ်ခုရဲ့ Toilet ထဲက ဘိုထိုင်အိမ်သာတွေ အခိုးခံရတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စဖြစ်ပွားပြီး သိပ်မကြာခင်မှာ တစ်ခြားနေရာတစ်ချို့မှာလည်း ဘိုထိုင်အိမ်သာတွေ အလုံးလိုက် ပျောက်သွားတဲ့ ကိစ္စတွေ ဖြစ်ပွားလာခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါ သူခိုးဟာ အများပြည်သူကြားထဲမှာ The God of Toilets ဆိုပြီး နာမည်တောင် ကြီးသွားပါသေးတယ်။ ဒီလိုနဲ့ Funabashi ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး သိပ်မကြာခင်မှာပဲ အဆိုပါ သူခိုးကို လက်ရဖမ်းဆီးနိုင်ခဲ့ပါတယ်။ The God of Toilets ဆိုပြီး နာမည်ကြီးခဲ့တာလည်း ဂျပန်အဆိုတော် Kana Uemura ရဲ့ The God of Toilets ဆိုတဲ့ သီချင်းတစ်ပုဒ်ကြောင့်ပါ။ ဂျပန်ပြည်သူတွေက အဆိုတော် Kana ဟာ သူခိုးအတွက် ဂုဏ်ပြုသီချင်းဆိုခဲ့တာဆိုပြီး ဟာသလုပ် ပြောရင်းကနေ နာမည်တွင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ အိမ်သာသူခိုးကတော့ အသက် ၂၆ နှစ်အရွယ်ရှိ ရုံးဝန်ထမ်းတစ်ဦးဖြစ်တဲ့ Ryusei Takada အမည်ရ အမျိုးသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Ryusei ဟာ ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေတဲ့ ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ငွေရေးကြေးရေး အခက်အခဲရှိတဲ့အတွက် အခုလို လူလစ်တာနဲ့ အိမ်သာတွေကို ခိုးဖြုတ်ပြီး ရောင်းစားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဖြုတ်ပြီးတာနဲ့ Ryusei ဟာ second hand စတိုးတွေမှာ အဆိုပါ အိမ်သာတွေကို တစ်ဝက်ဈေးနဲ့ ပြန်ရောင်းပြီး စီးပွားရှာနေခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ရဲတပ်ဖွဲ့ကတော့ သူတို့အနေနဲ့ Ryusei ကို ဘယ်လိုမျိုး ခြေရာခံပြီး ဖမ်းဆီးခဲ့သလဲဆိုတာကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိခဲ့ကြောင်း Sora News 24 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pyi Hein Kyaw