သေဆုံးသူတွေဆီ ဖုန်းခေါ်ခွင့်ပြုမယ့် တောင်ကုန်းလေးပေါ်က အနက်ရောင်ဖုန်းလေး

youtube/19 William T. Penn

လူ့ဘ၀ဟာ မထင်မှတ်တဲ့အရာတွေနဲ့ ဆုံရကြုံရတာ ဓမ္မတာပါပဲ။ ဒီထဲမှာ သေခြင်းတရားလည်း ပါပါတယ်။ တစ်ချို့ဆိုရင် နှုတ်ဆက်စကားတောင် မပြောနိုင်ပဲ ကမ္ဘာလောကကြီးက ရုတ်တရက် ထွက်ခွာသွားကြရပါတယ်။ ကျန်ရစ်သူတွေအဖို့မှာလည်း သံယောဇဉ်တွယ်ရင် တွယ်သလောက် ၀မ်းနည်းခြင်း၊ စိတ်မကောင်းဖြစ်ခြင်းကို ခံစားကြရပါတယ်။

ဂျပန်နိုင်ငံမှာတော့ တမလွန်ဘ၀ရောက်နေသူတွေဆီ ဖုန်းခေါ်ဆိုခွင့်ပြုပေးတဲ့ ဖုန်းတစ်လုံး ရှိပါတယ်။ Kaze no Denwa သို့မဟုတ် လေဖုန်းလို့ ခေါ်ပါတယ်။ ဖုန်းက အနက်ရောင် ဖြစ်ပါတယ်။ အမှန်တော့ ဖုန်းကို လိုင်းမတပ်ထားပါဘူး။ ဒါပေမယ့် ကွယ်လွန်သူတွေဆီ ကိုယ်ပြောချင်တဲ့စကားလေးတွေကို ဒီဖုန်းလေးဟာ လေလှိုင်းကနေတဆင့် ပို့ပေးလိမ့်မယ်လို့ လူတွေက ယုံကြည်ပါတယ်။

ဒါကြောင့်လည်း လူတွေဟာ သေဆုံးသွားကြတဲ့ ကိုယ့်ရဲ့ ချစ်ခင်သူတွေနဲ့ စကားပြောဖို့အတွက် ဒီဖုန်းလေးကို လာရောက်အသုံးပြုကြလေ့ရှိပါတယ်။ ဖုန်းဟာ Otsuchi မြို့ထဲက တောင်ကုန်းသေးလေး တစ်ခုပေါ်မှာ ရှိပါတယ်။ ဖုန်းကိုတော့ Sasaki ဆိုသူ အမျိုးသားတစ်ဦးက အဖြူရောင်ဖုန်းရုံလေးတစ်ခု ဆောက်လုပ်ပြီး ထားခဲ့တာပါ။ အခုဆိုရင် Sasaki ဟာ အသက် (၇၂) နှစ်ရှိနေပါပြီ။ သူဟာ ဒီဖုန်းနဲ့ ဖုန်းရုံလေးကို (၂၀၁၀) ခုနှစ်မှာ စတင်ခဲ့ပေမယ့် (၂၀၁၁) ဂျပန်ငလျင်ကြီးပြီးမှ ဖုန်းရုံလေးကို အပြီးသတ်နိုင်ခဲ့တာပါ။ စိတ်မကောင်းစရာပဲ (၂၀၁၁) ငလျင်ကြီးမှာ Itaru Sasaki ရဲ့ အမျိုးတစ်ယောက်လည်း ပါသွားခဲ့ပါတယ်။

READ
ဒီလိုနေရာတွေမှာ 'Coke' အချိုရည်ကို အသုံးပြုနိုင်တယ်

Sasaki ကတော့ “… ကျွန်တော်ဖုန်းကို လိုင်းတပ်ပြီး လုပ်ဖို့ မရည်ရွယ်ပါဘူး။ လူတွေက ပို့တဲ့ စကားသံတွေကို လေလှိုင်းတွေကနေတဆင့်ပဲ တမလွန်က လူတွေဆီ ရောက်စေချင်ပါတယ်….” လို့ ဆိုခဲ့တာပါ။ Kaze no Denwa နဲ့ ပတ်သက်ပြီး မီဒီယာက သိသွားတဲ့အခါမှာတော့ ထောင်ပေါင်းများစွာသော လူတွေဟာ ၄င်းတို့ရဲ သေဆုံးသွားတဲ့ ချစ်ခင်ရသူတွေနဲ့ စကားပြောဖို့ ဖုန်းရုံလေးကို ရောက်လာကြပါတယ်။

အနက်ရောင်ဖုန်းလေးဘေးနားမှာတော့ စာအုပ်လေးတစ်အုပ်ကို ချပေးထားပါတယ်။ အဲ့ဒီစာအုပ်လေးထဲမှာတော့ လူတွေက ကိုယ်ပြောချင်တဲ့စကားတွေကို စာနဲ့ရေးသားထားတာတွေလည်း ရှိပါတယ်။ ဒီဖုန်းရုံလေးကို သဘာဝဘေးအန္တရာယ်ကြောင့် ရုတ်တရက် သေဆုံးသွားရသူတွေရဲ့ ကျန်ရစ်သူတွေတင်မကပဲ အခြားရောဂါဘယနဲ့တိမ်းပါးသွားသူတွေရဲ့ ကျန်ရစ်သူတွေလည်း လာရောက်ကြကြောင်း သိရပါတယ်။

Sakaki ကတော့ “….ဒီတယ်လီဖုန်းလေးကို လိုင်းမချိတ်ထားပါဘူး။ ဒါပေမယ့် လူတွေက သူတို့ ဒီဘက်ကနေ စကားပြောတဲ့အခါ တမလွန်ကလူက အခြားတစ်ဖက်မှာ နားထောင်နေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ကတော့ ဒီနေရာလေးကို စိတ်ထွက်ပေါက်ရှာတဲ့ နေရာလေးလို့ သတ်မှတ်ချင်ပါတယ်။ လူတွေဟာ သေဆုံးသူတွေနဲ့ ပတ်သက်လို့ ဒီနေရာမှာ ကိုယ့်ရဲ့ခံစားချက်တွေကို အကုန်အန်ထုတ်နိုင်တယ်။ ပြီးရင်တော့ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ ဘ၀ကို ဆက်ဖြတ်သန်းသွားဖို့ ဖြစ်ပါတယ်….” လို့လည်း ပြောပြခဲ့ပါတယ်။

READ
(၂.၆.၁၈)မှ (၈.၆.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

လင်းလင်း (ShweMom)

SHARE