ဂျပန်ဝန်ထမ်းတွေကို တစ်ပတ်(၃) ရက်အလုပ်ပိတ်ပေးဖို့ နိုင်ငံရေးသမားတွေစဉ်းစား

pexels/Vital1na

အလုပ်လုပ်ရတဲ့ရက်နည်းနည်းလေလေ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်တိုက်ခိုက်ဖို့ အထောက်အကူဖြစ်လေဆိုပြီး ဂျပန်နိုင်ငံရေးသမားတွေက စဉ်းစားနေကြပါတယ်။ အခုဆိုရင်တော့ ဂျပန်နိုင်ငံက အလုပ်သမားတွေကို တစ်ပတ်ကို ၄ရက်သာ အလုပ်လုပ်ခွင့်ရရှိစေဖို့ နိုင်ငံရေးသမားတွေက စဉ်းစားနေကြတာကို soranews24 အရ သိရပါတယ်။

ဒီအိုင်ဒီယာကိုတော့ ဂျပန်လူမျိုး နိုင်ငံရေးသမား Kuniko Inoguchi ဆိုသူက တင်ပြထားတာပါ။ Inoguchi ဟာ Liberal Democratic Party အဖွဲ့ဝင်ဖြစ်ပါတယ်။ သူက ဂျပန်မှာရှိတဲ့ အလုပ်သမားတွေအနေနဲ့ တစ်ပတ်မှာ ၄ ရက်အလုပ်လုပ်ခွင့် ရွေးချယ်နိုင်အောင်လို့ အဆိုတင်သွင်းခဲ့တာပါ။ ဒီအဆိုပြုချက်ကတော့ အလုပ်ခွင်ကို လာရမယ့်အချိန်နည်းသွားတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုကို လျှော့ချရာလည်းရောက်ကြောင်း တင်ပြခဲ့တာဖြစ်ပါတယ်။

pexels/Life of Wu

တစ်ပတ်ကို ၄ရက်အလုပ်လုပ်ပြီး ၃ ရက်နားရတဲ့အတွက် အလုပ်သမားတွေအနေနဲ့ ၄င်းတို့ရဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုဆွေမျိုးတွေကို စောင့်ရှောက်ဖို့အချိန်ပိုရမယ့်အပြင် ပညာရေးအတွက် စာသင်ချင်တာတွေနဲ့ တခြားအကျိုးရှိမယ့်အရာတွေကိုပါ လုပ်နိုင်မှာဖြစ်ကြောင်း Inoguchi ကဆိုတာပါ။ အလုပ်ချိန်လျှော့ချတဲ့ကိစ္စကို Microsoft Japan နဲ့ Mizuho Financial Group လို ကုမ္ပဏီကြီးတွေက ကျင့်သုံးနေပြီဖြစ်ပေမယ့် အဖွဲ့အစည်းသေးသေးလေးတွေမှာတော့ အလုပ်ကို တစ်ပတ် ၅ရက်တက်နေရတုန်းပဲဖြစ်ပါတယ်။

READ
(3)ခန်းသာပါဝင်ပြီး လမ်းလယ်မှာတည်ရှိပေမယ့် ပေါင်(၁)သိန်းကျော်ပေးရမယ့် အိမ်ကလေး
pexels/Kyle Lui

ဒါပေမဲ့လည်း အလုပ်ချိန်ကိုလျော့ချလိုက်လို့ ဝန်ထမ်းတွေကို ယခင်လစာအတိုင်း လစာပြည့်ပေးဖို့ဆိုတာတော့ ကုမ္ပဏီတွေအနေနဲ့ဖြစ်နိုင်ဖွယ်မရှိပါဘူး။ ဒါကြောင့် ပြောရရင် အချိန်ပြည့်ဝန်ထမ်းကနေ အချိန်ပိုင်းဝန်ထမ်းအဖြစ် ပြောင်းသွားတဲ့ပုံစံပဲဖြစ်နေမှာပါ။ တကယ်လို့ လစာအပြည့်လည်းပေးမယ် အလုပ်ချိန်လေးရက်အတွင်း အလုပ်တွေကိုသတ်မှတ်ချက်နဲ့အညီ ပြီးအောင်ဖြတ်ရမယ်ဆိုရင်လည်း အလုပ်သမားတွေအတွက် ဖိစီးမှုတွေဖြစ်နိုင်မှာပါ။ ဘာကြောင့်လဲဆိုတော့ ဂျပန်မှာရှိတဲ့ အလုပ်သမားအများစုဟာ အလုပ်ချိန် ၅ရက်မှာတောင် သူတို့ကိုသတ်မှတ်ထားတဲ့အလုပ်တွေကို ပြီးအောင်လုပ်ဖို့ မနည်းရုန်းကန်နေရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အလုပ် ၄ရက်တက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်က လောလောဆယ်တော့ မဖြစ်မနေပြဌာန်းထားတဲ့ဥပဒေမဟုတ်တဲ့အပြင် ဒီကိစ္စနဲ့ပတ်သက်လို့ အလုပ်သမားတွေကြားထဲမှာလည်း ခံယူချက်တွေကွဲလွဲနေတယ်လို့ သိရပါတယ်။

ShweMom

SHARE