ဂျပန်နိုင်ငံက လူအစားထိုး အရက်စပ်ပေးနိုင်တဲ့ ပထမဆုံး စက်ရုပ် ဘားဆိုင်စားပွဲထိုး

youtube/ロボットスタート株式会社

ဂျပန်နိုင်ငံရဲ့ ပထမဆုံး စက်ရုပ်စားပွဲထိုးဝန်ဆောင်မှု အစမ်းစနစ်ကို တိုကျိုက ဘားဆိုင်တစ်ဆိုင်မှာ စတင်ခဲ့ပြီ ဖြစ်ပါတယ်။ ယိုရိုနိုတာကီအမည်ရတဲ့ ဘားဆိုင်ထဲရောက်ခဲ့မယ်ဆိုရင်တော့ တက်ဘလက်ကွန်ပြူတာ ဖန်သားပြင်မျက်နှာနဲ့ ရိုဘော့ကို အရင်တွေ့ရမှာဖြစ်ပါတယ်။

မှန်သားပြင်ပေါ်မှာတော့ ရိုဘော့ဟာ customer တွေဘက်ဆီကို ပြုံးပြနေပါလိမ့်မယ်။ customer တွေမှာထားတဲ့ အော်ဒါတွေကို အရက်စပ်ပေးရင်း ယနေ့ရာသီဥတုအကြောင်းကို ပြောပြနေမှာပါ။ Japantimes က သိရတဲ့သတင်းအရ ဘားဝန်ထမ်းရိုဘော့ကို QBIT Robotics က ဖန်တီးထားတာပါ။ ရိုဘော့ဟာ စက္ကန့် (၄၀) အတွင်း ဘီယာတစ်ခွက် လောင်းထည့်နိုင်ပြီး (၁) မိနစ်အတွင်း ကော့တေးပြုလုပ်ပေးနိုင်ပါတယ်။

youtube/ロボットスタート株式会社

ရိုဘော့မှာ customer တွေကို စောင့်ကြည့်ဖို့ ကင်မရာ (၄) လုံး ပါဝင်ပါတယ်။ ကင်မရာတွေဟာ artificial intelligence software ရဲ့အကူအညီနဲ့ customer တွေရဲ့ မျက်နှာအမူအရာကို အကဲခတ်နိုင်ပါတယ်။ ၄င်းဘားဆိုင်မှာပဲ အလုပ်လုပ်နေတဲ့ ၀န်ထမ်းဖြစ်သူ ဆာတိုရှီဟာရာဒါကတော့ ရိုဘော့ဆီ ယမကာတစ်ခွက်ကို မှာယူပြီးတဲ့နောက် “ကျွန်တော်ကတော့ စက်ရုပ်နဲ့ အလုပ်လုပ်ရတာ ပိုကြိုက်တယ်။ လူတွေနဲ့ အလုပ်လုပ်ရတာက တစ်ခါတစ်လေ အာရုံနောက်တယ်။ ခုလိုဆိုတော့ ကိုယ်ကြိုက်တာ ကိုယ်မှာပြီး အေးဆေးသောက်နေရုံပဲ…” လို့ ဆိုပါတယ်။

READ
ကျင်းရှာပြီး အလိုအလျောက်အရောက်သွားနိုင်တဲ့ ဂေါ့ဖ်ဘောလုံးကို တီထွင်လိုက်တဲ့ Nissan

ဆာတိုရှီကတော့ ဘားဝန်ထမ်းတွေနေရာမှာ စက်ရုပ်တွေကို အစားထိုးတာက ပိုကောင်းတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံရဲ့ ၀န်ဆောင်မှုကဏ္ဍမှာ အလုပ်သမား မြန်မြန်ဆန်ဆန်ရဖို့ဟာ ထင်သလောက် မလွယ်ကူသေးပါဘူး။ ဂျပန်အစိုးရက နိုင်ငံခြားသား အလုပ်သမားတွေကို ဖိတ်ခေါ်ပြီး ဗီဇာအတွက် လျော့လျော့ပေါ့ပေါ့နဲ့ ခွင့်ပြုထားပေမယ့်လည်း ကုမ္ပဏီတွေအနေနဲ့ အလုပ်သမားလိုအပ်ချက်တွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်။

ယိုရိုနိုတာကီဘားမှာတော့ ၀န်ထမ်းဦးရေ (၃၀) ခန့်ရှိပါတယ်။ ဘားမှာ စားပွဲထိုးစက်ရုပ်ကို (၂) လ ကြာ စမ်းသပ် အသုံးပြုမယ်လို့လည်း သိရပါတယ်။ ဘားမန်နေဂျာ ယိုရှီးအိုးကတော့ “စက်ရုပ်နဲ့ အလုပ်လုပ်ဖို့က နေရာလည်း  လိုပါသေးတယ်။ ရိုဘော့က ဒေါ်လာ (၈၂,၀၀၀) လောက် တန်ဖိုးရှိပါတယ်။ ဒါက ဘာနဲ့ ညီမျှသလဲဆိုရင် လူ စားပွဲထိုးတစ်ယောက်ကို (၃) နှစ်စာ အလုပ်ခိုင်းတဲ့အဖိုးအခနဲ့ ညီမျှပါတယ်…” လို့လည်း ဆိုပါတယ်။

READ
ဘတ်စ်ကားခေါင်မိုးပေါ်မှာ စိုက်ပျိုးထားတဲ့ စင်ကာပူရဲ့ ပထမဆုံး ရွေ့လျားဥယျာဉ်

လင်းလင်း (ShweMom)

SHARE