ဆော်ဒီအာရေးဗျက ကျောင်းသင်ရိုးစာအုပ်ထဲ လွှဲမှားပြီးပုံနှိပ်ဖော်ပြခဲ့ဖူးတဲ့ Yoda

Facebook/Abdullah Al-Shehri_

လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဆော်ဒီအာရေးဗျနိုင်ငံရဲ့ ကျောင်းသင်ရိုး ဖတ်စာအုပ်ထဲမှာ King Faisal နဲ့ Star Wars ရုပ်ရှင်ဇာတ်လမ်းတွဲထဲက Jedi တွေရဲ့ အရှင်သခင်ဖြစ်သူ Yodaရဲ့ ဓာတ်ပုံကို လွှဲမှားစွာ ပုံနှိပ်ဖော်ပြခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါသေးတယ်။

ကျောင်းသင်ရိုးစာအုပ်မှာ ဆော်ဒီဘုရင်ရဲ့ ဓာတ်ပုံကို ကို သင်ရိုးထဲ ထည့်ရာမှာ ဆော်ဒီဘုရင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းမှာ လက်မှတ်ထိုးနေတဲ့ ပုံကို ထည့်ဖို့ လိုအပ်လာပါတယ်။ အဲဒီအချိန်မှာ  သင်ရိုးညွှန်းတမ်ဖတ်စာအုပ်တွေကို စိစစ်ပေးမယ့် တာဝန်ခံလူက နည်းနည်းလေး သတိလက်လွှတ်ဖြစ်သွားပုံရပါတယ်။ တကယ့် ဆော်ဒီဘုရင်လက်မှတ်ထိုးနေတဲ့ ပုံအစား ဖိုတိုရှော့ပ်နဲ့ ပြုပြင်ထားပြီး လူတွေ ကြားမှာ ပျံ့နှံ့နေတဲ့ Star Wars ဇာတ်ကောင်ဖြစ်တဲ့ Jedi တို့ရဲ့ အရှင်သခင် အစိမ်းရောင်အသားအရည်ရှိတဲ့ Yoda နဲ့ အတူ ဘေးချင်းကပ်ထိုင်နေတဲ့ ပုံကို နိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းဖတ်စာအုပ်ထဲမှာ တရားဝင်ပုံနှိပ်ဖော်ပြဖြစ်ခဲ့ပါတယ်။

WarnerBros/StarWars

အဆိုပါ ဖိုတိုရှော့ပ်နဲ့ ပြုပြင်ထားတဲ့ ဓာတ်ပုံကိုဖန်တီးသူက Abdullah al-Shehri ဆိုတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ ဒီအဖြစ်အပျက်အပေါ်မှာ “ဟုတ်တယ်၊ ဒီပုံက ကျွန်တော်ဖန်တီးထားတာ၊ ဒါပေမယ့် ဒီပုံကို ဖတ်စာအုပ်ထဲ ထည့်တာက ကျွန်တော် မဟုတ်ဘူးလေ”လို့ မေးမြန်းမှုတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဆိုပါ ဓာတ်ပုံပါဝင်လာတဲ့ ဖတ်စာအုပ်ဟာ ကမ္ဘာအနှံ့က လူတွေကြားထဲမှာ ရယ်စရာအဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပြီး Star Wars ရုပ်ရှင်ပရိသတ်တွေအတွက်လည်း သဘောကျစရာ ပုံရိပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလို လွှဲမှားပြီး ပုံနှိပ်ဖော်ပြခဲ့တဲ့ အတွက် ဆော်ဒီအာရေးဗျနိုင်ငံရဲ့ ပညာရေးဝန်ကြီးဟာ တောင်းပန်ခဲ့ရပြီး ဖတ်စာအုပ်များကို ပြန်လည်သိမ်းယူခဲ့ပြီး ဓာတ်ပုံများကိုပြန် အစားထိုး ပုံနှိပ်ခဲ့ပါတယ်။

Twitter/katsumotor

ပညာရေးဝန်ကြီးဟာ ဒီပုံကို သူ မြင်လိုက်ချိန်မှာ အင်မတန်ကို အံ့သြသွားမိကြောင်းကို နယူးယောက်ခ်တိုင်းမ် သတင်းစာကို ပြောကြားခဲ့ပါတယ်။ လွှဲမှားပြီး ပုံနှိပ်ဖော်ပြဖြစ်ခဲ့ပေမယ့် ဆော်ဒီဘုရင်နဲ့ Yoda တို့ နှစ်ယောက်ဟာ ဥာဏ်ပညာကြီးတဲ့ နေရာမှာတော့ သူတို့နှစ်ယောက်ဟာ တူညီပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုအချိန်မှာတော့ အဆိုပါ  ဓာတ်ပုံဟာ သမိုင်းဝင်ဓာတ်ပုံအဖြစ်ရောက်ရှိသွားပြီး Star Wars ရုပ်ရှင်ပရိသတ်တွေ ကြားမှာ မှတ်မိနေမယ့် ဓာတ်ပုံတစ်ပုံဖြစ်လာခဲ့ပါတော့တယ်။

Ye Yint Kyaw

SHARE