
Amazon ကုမ္ပဏီကြီးရဲ့ CEO ဖြစ်သူ Jeff Bezos ကိုတော့ လူတော်တော်များများ သိရှိကြပြီးဖြစ်မှာပါ။ ၂၀၂၀ ခုနှစ်မှာတော့ ကမ္ဘာ့နံပါတ်တစ် အချမ်းသာဆုံး သူဌေးကြီးဖြစ်ခဲ့တဲ့ Jeff Bezos ဟာ ၂၀၂၁ ခုနှစ်မှာတော့ ကမ္ဘာ့ဒုတိယမြောက် အချမ်းသာဆုံး သူဌေးကြီးဖြစ်သွားခဲ့ပြီး Space X ရဲ့ CEO ဖြစ်တဲ့ Elon Musk ကတော့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဖြစ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က Jeff Bezos ဟာ သူပိုင်ဆိုင်တဲ့ Blue Origin ကုမ္ပဏီက သင်္ဘောတစ်စင်းကို မိခင်ဖြစ်သူရဲ့ နာမည်ပေးကာ ဖွင့်ပွဲကျင်းပခဲ့ကြောင်း Geekwire သတင်းဌာနမှ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Blue Origin ဆိုတာကတော့ အာကာသနည်းပညာနဲ့ ဒုံးပျံထုတ်လုပ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး Jeff Bezos ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ ၂၀၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Blue Origin ကုမ္ပဏီဟာ မကြာခဏဆိုသလို အာကာသထဲကို ဒုံပျံတွေ၊ ဂြိုလ်တုတွေ လွှတ်တင်နေကျပါပဲ။ ဒီလိုမျိုး လွှတ်တင်ပြီးသွားရင် ပြန်ကျလာတဲ့ rocket အဟောင်းတွေကို ပင်လယ်ထဲသို့သာ တိုက်ရိုက်စွန့်ပစ်လေ့ရှိပါတယ်။ ဒီလိုမျိုး ပြန်ကျလာတဲ့ rocket အဟောင်းတွေကို Blue Origin ဖက်ကနေပြီးတော့ တာဝန်ယူကာ ပင်လယ်ထဲမှာ သဘောင်္တွေနဲ့ သွားရောက်ဆယ်ယူရတာပါ။ အခုလည်း ဒီလိုမျိုး rocket recovery သင်္ဘောတစ်စင်းကို Jeff Bezos က သူ့ရဲ့မိခင်နာမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
View this post on Instagram
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က Jeff Bezos နဲ့ သူ့ရဲ့မိခင်ဖြစ်သူ Jacklyn Bezos တို့ဟာ သင်္ဘောနာမည်ပေးပွဲကို အတူတကွ ကျင်းပခဲ့ပါတယ်။ အပေါ်က ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Jacklyn Bezos ဟာ ပေ ၆၀၀ အရှည်ရှိတဲ့ သင်္ဘောအနားမှာရပ်ပြီး ရှန်ပိန်တစ်လုံးကို ရိုက်ခွဲပြီး သင်္ဘောနာမည်ပေးပွဲကို ဖွင့်လှစ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ Jeff ဟာ အာကာသသိပ္ပံနည်းပညာ နယ်ပယ်ကို အထူးစိတ်ဝင်စားသူဖြစ်ပြီး သူ့ပိုင်ဆိုင်မှုတွေရဲ့ (၃)ပုံ(၁)ပုံလောက်ကို ဒီနည်းပညာရပ်မှာ ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားသူလည်း ဖြစ်ပါတယ်။

Pyi Hein Kyaw