တောမီးလောင်စေခဲ့တဲ့ ဆယ်ကျော်သက်လေး ကြီးမားတဲ့ပြစ်ဒဏ်ချမှတ်ခံလိုက်ရ

ကလေးတွေ မီးရှူးမီးပန်းကစားတဲ့အခါ အန္တရာယ်တစ်ခုခု ဖြစ်နိုင်ချေရှိလို့ မိဘတွေက အမြဲသတိပေးတတ်ကြပါတယ်။ ဆယ်ကျော်သက်တစ်ယောက်အတွက်တော့ မီးရှူးမီးပန်း ကစားမိလိုက်တဲ့ အကျိုးဆက်က ဒေါ်လာသန်းပေါင်းများစွာ အကြွေးတင်သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က တောမီးကြီးတစ်ခုကို စတင်စေခဲ့တယ်လို့ အပြစ်ဝန်ခံခဲ့တဲ့ (၁၅)နှစ်အရွယ် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ကို အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ် တရားရုံးမှာ စီရင်ချက်ချခဲ့ပါတယ်။ ပြစ်ဒဏ်ကတော့ မီးလောင်မှု ပျက်စီးမှုတွေအတွက် ကန်ဒေါ်လာ (၃၆.၆)သန်း ပေးလျော်စေဖို့ဖြစ်ပါတယ်။ (၂၀၁၇) စက်တင်ဘာတုန်းက အဆိုပါဆယ်ကျော်သက်ဟာ Columbia River Gorge တောင်ကြားက တောအုပ်ထဲကို မီးရှူးမီးပန်းအချို့ ပစ်လွှတ်မိခဲ့ရာမှ မီးပျံ့သွားခဲ့ပြီး ဧက (၄၈,၀၀၀) ကို လောင်ကျွမ်း ပျက်စီးစေခဲ့ပါတယ်။

AP

မီးလောင်မှုဖြစ်ပွားစေခဲ့တဲ့ ဆယ်ကျော်သက်လေးနဲ့ မိသားစုကိုတော့ တိုက်ခိုက်မှုများ ခံရမည်စိုးသောကြောင့် နာမည်တော့ ထုတ်ပြန်ကြေညာခြင်း မပြုထားပါဘူး။ သူ့ရှေ့နေကတော့ အရွယ်မရောက်သေးသူ တစ်ယောက်အတွက် ဒေါ်လာ (၃၆)သန်း ပေးလျော်ခိုင်းက မတရားစွာ ချမှတ်တဲ့ ပြစ်ဒဏ်ဖြစ်ကြောင်း လျှောက်လှဲခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။ တရားသူကြီး John Olson က မီးလောင်မှုကြောင့် ဆုံးရှုံးပျက်စီးမှုများ ကြုံခဲ့ရတဲ့ အဖွဲ့အစည်းများနဲ့ အိမ်ထောင်စုများကို တွက်ချက်ပြခဲ့ပြီး ပြစ်ဒဏ်က သင့်လျော်ကြောင်း ဆိုခဲ့ပါတယ်။

READ
ဂြိုဟ်သားများရဲ့လက်သည်းနဲ့ ဦးခေါင်းခွံလို့ယူဆရတဲ့အရာကို ပီရူးသဲကန္တာရမှာ ရှာဖွေတွေ့ရှိ
တရားသူကြီး John Olson

တရားခံ ကောင်လေးကတော့ လျော်ကြေးငွေသန်းချီကို နောက်နှစ်ပေါင်းများစွာအထိ အရစ်ကျ ပေးသွင်းသွားရမှာဖြစ်ပြီး သူ့ရဲ့ ဝင်ငွေထွက်ငွေများကိုလည်း သက်ဆိုင်ရာတွေက စောင့်ကြည့်ခွင့်ရှိကာ ထီပေါက်ခဲ့ရင်တောင် ရငွေတွေကို ပြစ်ဒဏ်အတွက် ပေးချေရမှာဖြစ်ပါတယ်။ စောင့်ကြည့်ခံကာလ ပြစ်ဒဏ်ကို (၅)နှစ်အချခံထားရပြီး ယူအက်စ်သစ်တောအဖွဲ့အတွက် ပြည်သူ့ဝန်ဆောင်မှုအလုပ်များကို နာရီ (၁,၉၂၀) ကြာ လုပ်ကိုင်ရမှာဖြစ်ပါတယ်။

White (Shwemom)

Ref: CNN, Dailymail

SHARE