ပျောက်သွားတဲ့ကလေးကို မိနစ်သုံးဆယ်အတွင်း ပြန်ရှာပေးနိုင်ခဲ့တဲ့ K-9 အနံ့ခံခွေး

Commissioner Sam Parker/Facebook

အမေရိကန်နိုင်ငံ၊ဖလော်ရီဒါပြည်နယ်က စိတ်ဝေဒနာဖြစ်နေတဲ့ သုံးနှစ်အရွယ် Aedricဆိုတဲ့ကောင်လေး နေအိမ်မှ ပျောက်ဆုံးသွားခဲ့ပေမယ့် ပျောက်ဆုံးပြီးမကြာမီ မိနစ်သုံးဆယ်အတွင်း  ရဲခွေးက ပြန်ရှာပေးနိုင်ခဲ့ပါတယ်။

ကောင်လေးရဲ့မိသားစုဝင်တွေကတော့ တာဝန်ရှိရဲတွေနဲ့သူတို့ရဲ့ခွေးတွေကို ကျေးဇူးတင်လို့မဆုံး ဖြစ်နေကြပါတယ်။

ဖြစ်စဉ်ကတော့ Aedricရဲ့ အဖွားက ကောင်လေးကိုစောင့်ကြည့်နေရင်း ရေအိမ်ခနသွားချိန်မှာ ကောင်လေးက တံခါးလော့ကိုဖွင့်ပြီး၊ အိမ်အပြင်ကိုထွက်သွားခဲ့တာပါ။

ကလေးမိခင်က သူ့သားပျောက်ဆုံးတာသိသွားချိန်ပဲ ထိတ်လန့်တကြားနဲ့ ရဲကို အကြောင်းကြားခဲ့ပါတယ်။

ကောင်လေးက ကလေးပီပီခြေဦးတည့်ရာလျှောက်သွားရင်း အိမ်နီးချင်းတစ်အိမ်နောက်က တောထဲကိုရောက်ပြီး လမ်းပျောက်သွားခဲ့တာဖြစ်ပါတယ်။

Santa Rosa Countyရဲအရာရှိတွေ တောထဲကိုစတင်ရှာဖွေခဲ့ရာ အချိန်နှစ်နာရီလောက်ကြာတာတောင် ဘာသဲလွန်စမှရှာမတွေ့တဲ့အဆုံး၊ အနံ့ခံခွေးတွေကို လွှတ်ပေးလိုက်ချိန်မှာတော့ မိနစ်သုံးဆယ်တောင်မကြာဘဲ ကောင်လေးကို တွေ့ရှိခဲ့ပါတယ်။

Commissioner Sam Parker/Facebook

ကောင်လေးကို အိမ်နဲ့ကိုက်(၂၀၀)အကွာလောက်က ခြုံတွေရွှံ့တွေကြားထဲကနေ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး၊ ခြုံတွေကိုရှင်းလင်းခုတ်ထွင်ပြီး ကယ်ဆယ်ခဲ့ပါတယ်။

ကလေးမှာ ခြစ်ရာစင်းရာတချို့နဲ့ အကောင်တွေကိုက်ခံထားရတာလွဲလို့ တခြားဘာမှဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ပါဘူး။

ခရိုင်အကြီးအကဲ Sam Parkerက ရဲတပ်ဖွဲ့ဝင်တွေရဲ့ကြိုးစားအားထုတ်မှုကိုချီးကျူးစကားပြောကြားခဲ့တယ်လို့သိရပါတယ်။

Commissioner Sam Parker/Facebook

Khaing

SHARE