ကီနူးရိဗ်ရဲ့ တစ်ကိုယ်ကောင်းမဆန်တဲ့စိတ်ထားကို တွေ့မြင်ရတဲ့ အဖြစ်အပျက်လေး

လူအများစုဟာ အရမ်းအောင်မြင်လာပြီဆိုရင် သွေးနားထင်ရောက် ဂုဏ်မောက်လေ့ရှိပါတယ်။ ကိုယ့်လောက်မှ မအောင်မြင်သူတွေကို မတူသလို မတန်သလို ဆက်ဆံတတ်သူတွေ ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။ ဒီလို နာမည်ကြီးပြီး အောက်ခြေလွတ်တတ်တဲ့ လူစားတွေထဲမှာ သရုပ်ဆောင်မင်းသားကြီး ကီနူးရိဗ်မပါဝင်တာကို အခုဖြစ်ရပ်လေးက သက်သေခံပါလိမ့်မယ်။ အရင်တုန်းကလည်း ကီနူးရိဗ်နဲ့ ပတ်သက်လို့ မင်းသားဟာ စိတ်နှလုံးကောင်းရှိသူဖြစ်တဲ့အကြောင်း ဖြစ်ရပ်လေးတွေကို ကြားဖူးပြီး ဖြစ်ပါလိမ့်မယ်။

Image credits: NurPhoto

ဒီအကြိမ်မှာတော့ အသက်(၅၄) နှစ်အရွယ် ကီနူးရိဗ်ဟာ ဆန်ဖရန်စစ္စကို ကနေ လော့စ်အင်ဂျလိစ်ကို လေယာဉ်ခရီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် လေယာဉ်ဟာ အရေးပေါ်အနေနဲ့ ကယ်လီဖိုးနီးယား ဘေကာစ်ဖီးလ်မှာ မြေပြင်ဆင်းသက်ခဲ့ရပါတယ်။ ထိုနေရာက လော့စ်အင်ဂျလိစ် ဘာဘန့်ခ်လေဆိပ်ကနေ (၂) နာရီကြာ ကားမောင်းခရီးမှာ ရှိပါတယ်။ မထင်မှတ်ပဲ လေယာဉ်ဟာ ပန်းတိုင်ခရီးစဉ်ထိ မရောက်ပဲ ဆင်းသက်ခဲ့ပေမယ့် ကီနူးရိဗ်ဟာ မောက်မာတတ်တဲ့ မင်းသားအချို့လို လေယာဉ်က ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ခရီးစဉ်ကြန့်ကြာတယ်နဲ့  ငြီးငြူပြောဆိုခြင်း မရှိပါဘူး။

READ
ဓနရှင်တွေလက်ထဲက မိုးသစ်တောတွေကို ပြန်လည်လုယူနိုင်ခဲ့ပြီဖြစ်တဲ့ အမေဇုန်မျိုးနွယ်စု

ကီနူးက လေယာဉ်ဟာ စက်ချို့ယွင်းသွားကြောင်း၊ လူတွေအနေနဲ့ ကားစုငှားပြီး ခရီးဆက်သွားနိုင်ကြောင်း ပြောပြပြီး ဘာဘန့်ခ်လေဆိပ်ဆီ သွားမယ့် ခရီးသည်တွေကို ကိုယ်တိုင်လိုက်စုပါတယ်။ “လေယာဉ်ပေါ်က အထုပ်တွေကို ချမယ့်လူတွေက နောက်ထပ်(၃) နာရီလောက်မှ ရောက်မှာ၊ ဗန်ကားကတော့ (၁) နာရီအတွင်းပဲ ရောက်လိမ့်မယ်။ အဲဒီတော့ လော့စ်အင်ဂျလိစ်ဆီ အရင်သွားကြပြီး အထုတ်အပိုးတွေကို နောက်မှ ယူတာကောင်းလိမ့်မယ်..” လို့ ကီနူးက ခရီးသည်တွေကို စုရုံးခဲ့တာပါ။

Image credits: CheesyJedi
Image credits: LikeAskAlexa

ပြီးတော့ ခရီးသည်တွေနဲ့ပဲ အတူတူ ဘတ်စ်ကားတစ်စီးထဲ လိုက်စီးပြီး လိုရာနေရာကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ကီနူးဟာ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့အတွက် ကိုယ်တိုင် ဇိမ်ခံကားတစ်စီးစင်းလုံးငှားပြီး သွားနိုင်ပါရက်နဲ့ မသွားပဲ ခရီးဖော်တွေနဲ့ ရင်းရင်းနှီးနှီးကားစီးရင်း လိုက်လာခဲ့တာပါ။ ကီနူးနဲ့အတူ ဘတ်စ်ကားတစ်စီးထဲ အတူလိုက်ပါလာတဲ့ သူတွေကတော့ မင်းသားရဲ့ သိမ်မွေ့တဲ့ စကားပြောဆိုပုံနဲ့ လူတွေကို စည်းရုံးပြီး သွားလိုရာခရီး အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တာကို ဆိုရှယ်မီဒီယာပေါ်မှာ ချီးမွမ်းနေကြပါတယ်။

READ
မသန်စွမ်းပေမယ့် လှပနေကြဆဲ ၀ှီးချဲလ်ပေါ်က အမျိုးသမီးများ


လင်းလင်း (ShweMom)

Ref: Dailymail, boredpanda

SHARE