(၁)ပတ်အတွင်း ဧ၀ရတ်တောင်ကို (၂) ကြိမ်တက်ခဲ့တဲ့ စပိန်အမျိုးသားရဲ့ လျှို့ဝှက်ချက်

ဧ၀ရတ်တောင်ကို တစ်ပတ်အတွင်း နှစ်ကြိမ်တိုင် အောင်မြင်စွာ တောင်တက်နိုင်ခဲ့သူတစ်ဦးရဲ့ လျှို့ဝှက်ချက်ကို ဆွစ်လူမျိုးသုတေပညာရှင်တစ်ယောက်က ဖော်ထုတ်လိုက်ပါတယ်။ ဧ၀ရတ်တောင်ကို အလွယ်တကူတောင်တက်ခဲ့တဲ့ အမျိုးသားဟာ စပိန်လူမျိုး ကီလီယန် ဂျော်နက်ဘာဂါဒါဆိုသူ ဖြစ်ပါတယ်။ ကီလီယန်ဟာ (၂၀၁၇) ခုနှစ် မေလမှာ ဧ၀ရတ်တောင်ထိပ်ထိအောင် တက်ပြီး တောင်ခြေထိပြန်ဆင်း၊ ပြီးတဲ့အခါ တစ်ပတ်အတွင်းပဲ နောက်တစ်ကြိမ် ဧ၀ရတ်တောင်ပေါ် ပြန်တက်ပြီး တောင်ခြေထိ အောင်မြင်စွာနဲ့ပြန်ဆင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

Kilian Jornet

ဒါကြောင့် ဆွစ်လူမျိုးသုတေပညာရှင်ဖြစ်တဲ့ ဂရီဂိုရီမီလက်က ကီလီယန်ရဲ့ တောင်တက်ပြင်ဆင်ခဲ့ပုံကို စာတမ်းပြုစုရေးသားခဲ့ပါတယ်။ ကီလီယန်ဟာ ဧ၀ရတ်တောင်ကို အခုလို အကြိမ်ကြိမ် တက်လိုက်ဆင်းလိုက်လုပ်နိုင်ခဲ့ဖို့ အများကြီးလေ့ကျင့်ခဲ့ရပါတယ်။ သူဟာ ဧ၀ရတ်တောင်မတက်ခင် (၂) လအလိုမှာ ပင်လယ်ရေမျက်နှာပြင်အထက် (၁၅,၇၈၁) ပေအမြင့်မှာရှိတဲ့ Mont Blanc တောင်ထိပ်ဖျားထိ ရောက်အောင် တက်ခဲ့ပါတယ်။ အထူးပြုလုပ်ထားတဲ့ ရွက်ဖျင်တဲထဲမှာ ရက်သတ္တပတ်(၄) ပတ်တာနေပြီး တောင်ထိပ်ပေါ်က လေထုဖိအားကို အလေ့အကျင့်ရအောင် ပြုလုပ်ခဲ့ပါတယ်။

dailymail

ဧ၀ရတ်တောင်ဖို့ (၁) လအလိုမှာတော့ ကီလီယန်ဟာ ပြေးစက်ပေါ်မှာ အပြေးလေ့ကျင့်ပါတယ်။ ပြေးတာက ရိုးရိုးပြေးတာမဟုတ်ပါဘူး။ ပင်လယ်ရေမျက်နှာပြင်အထက် (၁၉,၀၀၀) ကျော် အမြင့်ပေရှိတဲ့ တောင်ထိပ်က လေထုကို ရှူသွင်းရသလို အောက်ဆီဂျင်ချိန်ကာ မျက်နှာဖုံးစွပ်စက်တပ်ပြီး အပြင်းအထန်လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ ဧ၀ရတ်တောင်ပေါ်မတက်ခင် တစ်ပတ်အလိုမှာတော့ ကီလီယန်ဟာ မြင့်မားလှတဲ့ Alps တောင်တန်းတွေဆီမှာ နာရီ(၁၀၀) တောင်တက် လေ့ကျင့်ခဲ့ပါသေးတယ်။

READ
သားတွေရဲ့ လျှောက်ခြစ်လက်ရာကို Anime ဇာတ်ကောင်တွေအဖြစ် ပြောင်းလဲခဲ့သူ
Wireimage

အသက်(၃၁) နှစ်ပဲရှိသေးတဲ့ ကီလီယန်ဟာ အမေရိကန်နဲ့ ဥရောပတစ်လွှားမှာရှိတဲ့ အမြင့်ဆုံးလို့ ဆိုနိုင်တဲ့  Matterhorn ၊ Mont Blanc နဲ့ Denali တောင်တွေကို အလျင်မြန်ဆုံး အတက်အဆင်းပြုလုပ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီလောက်ပြင်းထန်တဲ့လေ့ကျင့်မှုတွေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကြောင့်လည်း ကီလီယန်ဟာ အခက်အခဲမရှိပဲ ဧ၀ရတ်တောင်ကို အလွယ်တကူ အတက်အဆင်းလုပ်နိုင်ခဲ့တာပါလို့ ဂရီဂိုရီမီလက်က ဆိုပါတယ်။

dailymail

ဧ၀ရတ်တောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် (၂၉,၀၂၉) ပေမှာရှိပြီး လူသားတွေဟာ ပထမဆုံးအကြိမ်အဖြစ် (၁၉၅၃) ခုနှစ်မှာ ဧ၀ရတ်တောင်ဆီ အောင်မြင်စွာ ခြေချနိုင်ခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ဧ၀ရတ်တောင်ကို လူပေါင်း(၈၀၀) ၀န်းကျင် တက်ရောက်ကြပါတယ်။ ယနေ့အချိန်ထိ တောင်ထိပ်ကို အောင်မြင်စွာရောက်ရှိနိုင်ခဲ့သူဦးရေ (၄,၀၀၀) ကျော်ရှိပြီး လူပေါင်း(၂၅၀) ကျော်လောက်ကတော့ တောင်တက်ရင်းနဲ့ပဲ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၂၃,၀၀၀) လောက်ရောက်တဲ့အခါ အောက်ဆီဂျင်ပြတ်လပ်ပြီး သေဆုံးသွားကြကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: telegraph

SHARE