ပြည်သူတွေအပေါ် အနောက်တိုင်းနဲ့ K-pop ဂီတ လွှမ်းမိုးနေလို့ ဒေါသထွက်နေတဲ့ ကင်ဂျုံအန်

(Korean Central News Agency/Korea News Service via AP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ သူရဲ့ပြည်သူပြည်သား (၇၀)%လောက်အပေါ်မှာ K-pop နဲ့ အနောက်တိုင်းဂီတတွေက လွှမ်းမိုးနေလို့ အလွန်ဒေါသထွက်နေပါသတဲ့။ အထူးဖြင့် တောင်ပိုင်းက ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေဟာ ပြည်သူတွေအကြားမှာ ကွက်ကြားကွက်ကြား လွှမ်းမိုးလာတာကို မခံချင်ဖြစ်နေတာပါ။

တကယ်က မြောက်ကိုရီးယားလို နိုင်ငံမျိုးမှာ K-pop နဲ့ အနောက်တိုင်းယဉ်ကျေးမှုကို ဖော်ကျူးထားတဲ့ ဗွီဒီယိုတွေ၊ DVD တွေ CD ချပ်တွေ ရောင်းချခွင့် လုံးဝမရှိပါဘူး။ ရောင်းချသူရှိလာခဲ့ရင်လည်း ကြီးလေးသော ပြစ်ဒဏ်တွေ ခံရပါတယ်။ ဒါပေမယ့် စီးပွားရေးသမားဆိုတာ လှေနဲ့မကြုံရင် လှည်းနဲ့ ကြံစည်တတ်တာမျိုးပါ။

မြောက်ကိုရီးယားလို နိုင်ငံမှာ မှောင်ခိုဈေးကွက်ကလည်း အားကြီးလှပါတယ်။ မကြာသေးခင်က ကျောင်းသားကျောင်းသူတွေရဲ့ အချစ်ရေးအချစ်ရာကိစ္စကို ပြင်းထန်တဲ့ဥပဒေထုတ်ကာ တားမြစ်ခဲ့ဖူးပါသေးတယ်။ ချစ်သူများခြင်း (ဝါ) ချစ်တင်းနှောဖော်များခြင်းများ ပေါ်ပေါက်ပါက မိဘတွေနဲ့ ဆရာ/ဆရာမတွေကိုပါ အပြစ်ပေးမယ်လို့ ဆိုပါတယ်။

အခုအခါမှာတော့ K-pop နဲ့ အနောက်တိုင်းဂီတ လွှမ်းမိုးမှုကို ကိုင်တွယ်ဖို့ ပစ်မှတ်ထားလာခဲ့ပြီဖြစ်ပြီး၊ ဒီမတိုင်ခင်က သူ့စုံထောက်တွေရဲ့သတင်းပေးချက်မှာ မြောက်ကိုရီးယား လူဦးရေ (၂၅)သန်းဟာ K-pop နဲ့ အနောက်ပိုင်း ဂီတတွေ၊ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ကြတယ်လို့ အစီရင်ခံထားပါတယ်။

မြောက်ကနေ ထုတ်လွှင့်တဲ့ပညာပေး ဗွီဒီယိုထဲမှာ တောင်ကိုရီးယားစကားတွေကို တုပပြောဆိုတဲ့လူငယ်တွေကို အပြစ်ပေးတဲ့အကြောင်းတွေ ပါဝင်ပြီး၊ အဲဒီဗွီဒီယိုတွေကို ပြီးခဲ့တဲ့ဇူလိုင် (၃)ရက်နဲ့(၄)ရက်တို့မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြသခဲ့ကြောင်း RFA က ဆိုပါတယ်။

အသိပညာပေး ဗွီဒီယိုထဲမှာ အနောက်နဲ့တောင်ကိုရီးယား ယဉ်ကျေးမှုကို တိမ်းညွှတ်သူတွေကို ဖမ်းဆီးခြင်း၊ ဆံပင်များကို ရိတ်ပစ်ခြင်း၊ အမျိုးမျိုးနှိပ်စက်ခြင်း စတဲ့ပြကွက်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ မြောက်ကိုရီးယား အာဏာပိုင်တို့အနေနဲ့ လူငယ်ထုရဲ့ နှလုံးသားထဲမှာ တော်လှန်ပုန်ကန်ခြင်းနဲ့ အခြားယဉ်ကျေးမှုတွေ စိမ့်ဝင်သွားမှာကို ကြောက်ရွံ့နေကြပါတယ်။

လင်းသူရိန်

SHARE