မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တစ်ယောက် အမေရိကန်ရဲ့ ပိတ်ဆို့ထားမှုတွေကနေ လွတ်မြောက်ဖို့အတွက် Paektu တောင်ပေါ်တက်ပြီး သစ္စာဆိုခဲ့တယ်ဆိုတဲ့ သတင်းဟာ မြောက်ကိုရီးယား သတင်းစာတွေပေါ်မှာ အလှုပ်ခတ်ဆုံးဖြစ်လာခဲ့ပါတယ်။
အမေရိကန်သမ္မတထရမ့်နဲ့ ကင်ဂျုံအန်တို့အကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေခဲ့ပေမယ့်လည်း အမေရိကန်ရဲ့မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေကတော့ ရှိနေဆဲပါ။
ညူကလီးယားထုတ်လုပ်မှုတွေအတွက် စောင့်ကြည့်ကာလ (၇)လ ကြာသွားခဲ့ပြီဖြစ်ပေမယ့် ပိတ်ဆို့မှုတွေဖယ်ရှားမပေးသေးတဲ့ အမေရိကန်ရဲ့အနေအထားကို ကင်ဂျုံအန်တစ်ယောက် စိတ်ပျက်နေပြီး သူ့ရဲ့နိုင်ငံမှာ အခက်အခဲတွေ အများကြီး ဖြစ်နေခဲ့တယ်လို့ ပြောဆိုထားခဲ့တာပါ။

ကင်ဂျုံအန်တစ်ယောက် အမေရိကန်ရဲ့ပိတ်ဆို့မှုအခြေအနေတွေကို မီဒီယာတွေဆီ အသိပေးပြီးနောက်တစ်နေ့မှာပဲ မြောက်ကိုရီးယားနိုင်ငံတွင်းက Paektu တောင်ရဲ့အမြင့်ဆုံးနေရာအထိ မြင်းဖြူကြီးတစ်ကောင်ကို စီးသွားခဲ့ပြီး ပိတ်ဆို့မှုတွေကိုတုန့်ပြန်ဖို့နဲ့ မြောက်ကိုရီးယားကို အင်အားအကြီးဆုံး တိုင်းပြည်ဖြစ်လာစေဖို့ သစ္စာဆိုခဲ့တယ်လို့ မြောက်ကိုရီးယားဒေသတွင်းသတင်းစာတွေက ဖော်ပြခဲ့ကြတာပါ။

ဒီ မြင်းဖြူကြီးဟာ ကင်ဂျုံအန်တို့မိသားစုရဲ့ သင်္ကေတတစ်ခုလို ဖြစ်နေခဲ့ပြီး ဆယ်စုနှစ် (၇)ခုကျော် ကြာတဲ့အထိ နိုင်ငံအတွက် အရေးကြီးတဲ့အချိန်တွေမှာ မြင်းဖြူကြီးကိုစီးကာ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးကို ပြခဲ့ကြတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ကင်ဂျုံအန်ရဲ့အဖိုးအဖြစ်လည်း မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ ကင်အီဆောင်း လက်ထက်မှာကတည်းက ဒီမြင်းဖြူကြီးကိုစီးတဲ့ အလေ့အထ စတင်ခဲ့တာဖြစ်ပြီး နိုင်ငံအတွက် တိုက်ပွဲဝင်ရမယ့်အချိန်မှာ သင်္ကေတတစ်ခုအနေနဲ့ စီးကြတာဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ကင်ဂျုံအန်ကတော့ “နိုင်ငံအတွက် ပိတ်ဆို့မှုတွေဟာ အခက်အခဲများစွာကို ဖြစ်ပေါ်စေပြီး ဖိအားတွေသက်ရောက်လာစေပေမယ့် မြောက်ကိုရီးယားပြည်သူတွေက အတူလက်တွဲပြီး ရင်ဆိုင်သွားကြမှာဖြစ်တယ်” လို့ မှတ်ချက်ပေးထားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ ကျောက်မီးသွေး၊ အထည်အလိပ်နဲ့ ရေထွက်ပစ္စည်းတင်ပို့မှုတွေကို အမေရိကန်နိုင်ငံဆီ တင်ပို့ခွင့်ပိတ်ဆို့ခြင်းခံထားရပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း သမ္မတထရမ့်နဲ့ ကင်ဂျုံအန်တို့ ဆွေးနွေးမှုအပြီးမှာ ပိတ်ဆို့မှုတွေ ပျက်ပြယ်သွားမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် လက်ရှိအချိန်အထိ ဆက်လက်ပိတ်ဆို့ထားခြင်းခံထားရဆဲပါပဲ။

Linn