ကြင်နာတတ်တဲ့ သူငယ်ချင်းကြောင့် ၀မ်းသာမျက်ရည်ကျတဲ့အထိပျော်ခဲ့တဲ့ ကျောင်းသားလေး

(Pictures: Courtney Moore)

သနားကြင်နာတတ်တဲ့ အသက်(၈) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ အော့တစ်ဇင်ဝေဒနာရှိနေတဲ့ ကျောင်းနေဖက်သူငယ်ချင်းကို လက်ဆုပ်ကိုင်ပြီး ဖေးမပေးခဲ့ကြောင်း Ladbible သတင်းဌာနမှာတွေ့ရှိရပါတယ်။ အော့တစ်ဇင်ဝေဒနာသည်ကျောင်းသားလေးဟာ ကော်နာခရိုက်စ်ဆိုသူဖြစ်ကာ ကော်နာကို ဖေးမကူညီခဲ့သူကတော့ ခရစ်ရှန်အမည်ရကျောင်းသားလေးပဲ ဖြစ်ပါတယ်။

ထို့နေ့ဟာ မူလတန်းကျောင်းစစတက်ရတဲ့နေ့ဖြစ်တဲ့အတွက် ကော်နာဟာ စိတ်ဖိစီးမှုအနည်းငယ်ရပြီး ငိုနေခဲ့တာပါ။ သူငယ်ချင်းငိုနေတာကိုမြင်ရတဲ့အတွက် စိတ်သက်သာရာရအောင်ဆိုပြီး ခရစ်ရှန်က ကော်နာရဲ့လက်ကို ဆုပ်ကိုင်ပေးခဲ့တာဖြစ်ပါတယ်။

(Pictures: Courtney Moore Facebook)

“သူက ကျွန်တော့်ကို သိပ်ကြင်နာပါတယ်။ ဒီနေ့က ကျွန်တော် ပထမဆုံးကျောင်းတက်တဲ့နေ့ပါ။ ကျွန်တော်ငိုနေတော့ သူက ကျွန်တော့်အနားလာတယ်။ ကျွန်တော်လည်း ပျော်တာပေါ့။ ကျွန်တော့်လက်ကို ဆုပ်ကိုင်ပေးတော့ ကျွန်တော်လေ ပျော်လွန်းလို့ မျက်ရည်တောင်ကျတယ်…” လို့ ကော်နာက ပြောပြပါတယ်။

ခရစ်ရှန်ရဲ့ မိခင်ဖြစ်သူကတော့ အခုလို ဆိုပါတယ်။

“ကျွန်မက သားကို ကော်နာနဲ့အတူတူ တွေ့လိုက်တာ။ ကော်နာက ထောင့်ကပ်ပြီး ငိုနေတာကို သားက သွားပြီး သူငယ်ချင်းကို နှစ်သိမ့်ပေးနေတာ။ ပြီးတော့ သူ့သူငယ်ချင်းရဲ့ လက်ကိုဆွဲပြီး ရှေ့တံခါးပေါက်ဆီကို ထွက်လာတယ်။”

READ
မွေးစားမိဘတွေနဲ့ တွေ့ပြီးနောက် ကံကောင်းသွားခဲ့တဲ့ ခွေးလေး
(Pictures: Courtney Moore Facebook)

ကော်နာရဲ့ မိခင်ကတော့ “ကလေးကို ကျောင်းသာပို့လိုက်ရတယ်။ ကျွန်မက စိုးရိမ်နေရတာပါ။ သူက စကားလည်း လေးလုံးကွဲအောင် မပြောတတ်တော့ တခြားကလေးတွေက သူ့ကိုလှောင်ရီနေမလား၊ အနိုင်များကျင့်နေမလားဆိုပြီးတော့လေ။ ပြီးတော့ သားက ငြိမ်ငြိမ်လည်း မနေတတ်ဘူး။ လက်တွေတလှုပ်လှုပ်နဲ့ ခုန်လိုက်ထလိုက် လုပ်တတ်တယ်။” လို့ ပြောပြပါတယ်။

အခုဖြစ်ရပ်လေးကတော့ အားငယ်နေသူအပေါ်မှာ ကူညီဖေးမပေးလိုတဲ့ စိတ်ဓာတ်ကောင်းလေးကို တွေ့မြင်ရတာကြောင့် အွန်လိုင်းပေါ်မှာတော့ ဒီပို့စ်လေးကို မျှဝေသူတွေများနေကြောင်း သိရပါတယ်။

Google Maps

လင်းလင်း (ShweMom)

SHARE