သူများအိမ်မှာ ဧည့်သည်သွားလုပ်မယ်ဆိုရင် ဘယ်တော့မှမပြုလုပ်သင့်တဲ့အရာများ

unsplash/Kira auf der Heide

သူငယ်ချင်းပဲဖြစ်ဖြစ်၊ မိသားစုဝင်အိမ်ပဲ ဖြစ်ဖြစ်၊ ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးဦးရဲ့ အိမ်ကိုပဲ ဖြစ်ဖြစ် အလည်သွားရတာဟာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် ကိုယ်က သူများအိမ်မှာ ဧည့်သည်သွားလုပ်တော့မယ်ဆိုရင် သူများစိတ်အနှောင့်အယှက်မဖြစ်စေဖို့အတွက် အလိုက်သိသင့်တဲ့အရာလေးတွေလည်း ရှိပါသေးတယ်။ အောက်ဘက်မှာတော့ littlethings အွန်လိုင်းစာမျက်နှာက ဧည့်သည်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေရှောင်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

အံဆွဲတွေဖွင့်ခြင်း

လူတွေဟာ အံဆွဲတွေနဲ့ ဗီရိုတွေထဲမှာ တစ်ချို့သောအရာတွေကို လျို့ဝှက်လိုတဲ့သဘောနဲ့ သိမ်းထားလေ့ ရှိပါတယ်။ ဒါကြောင့် အိမ်ရှင်တွေက သင့်ကို အံဆွဲဖွင့်ပြီး ပစ္စည်းယူပေးဖို့ အကူအညီတောင်းတာက လွဲလို့ သူများအိမ်က အံဆွဲတွေ၊ ဗီရိုတွေကို လျှောက်ဖွင့်တာမျိုး မလုပ်သင့်ပါဘူး။ ဥပမာ ခေါင်းကိုက်လို့ ဆေးလိုချင်လို့ ဆိုရင်တောင် အိမ်ရှင်တွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး အကူအညီတောင်းတာမျိုး ပြုလုပ်သင့်ပါတယ်။

အိမ်သာဖုံးဖွင့်ခဲ့ခြင်း

လူအများစုဟာ ရေအိမ် အိမ်သာဖုံးကို အသုံးပြုမနေတဲ့အချိန်မှာ ပိတ်ထားလေ့ ရှိပါတယ်။ တကယ်လို့ အိမ်သာကိုသုံးပြီး အဖုံးကို ပြန်မပိတ်ဘူးဆိုရင် တစ်ချို့က အပြုအမူမယဉ်ကျေးဘူးလို့ ထင်တတ်ကြပါတယ်။ ဒါကြောင့် သူများအိမ်မှာ ဘိုထိုင်အိမ်သာကို သုံးပြီးပြီဆိုရင် အိမ်သာအဖုံးပြန်ပိတ်ဖို့ မမေ့သင့်ပါဘူး။

READ
လမ်းလျှောက်မြန်တဲ့သူတွေဟာ သက်တမ်းစေ့ကိုမှ ၁၅ နှစ် ပိုရှည်ရှည်နေနိုင်ကြောင်း တွေ့ရှိ
unsplash/Roberto Nickson

အိမ်မွေးတိရစ္ဆာန်ကို အပြစ်ပြောခြင်း

တစ်ချို့အိမ်ရှင်တွေက သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို မိသားစုဝင်အနေနဲ့ သဘောထားကြပါတယ်။ သူတို့မွေးထားတဲ့ တိရစ္ဆာန်လေးတွေကို တစ်ဖက်သားက အပြစ်ပြောလာရင် မကြိုက်ပါဘူး။ ဒါကြောင့် သူများအိမ်သွားတဲ့အခါ ၄င်းအိမ်မှာ ကြောင်တွေ ခွေးတွေ မွေးထားတာဆိုရင် ၄င်းတိရစ္ဆာန်လေးတွေကို အော်ဟစ်တာ၊ ဆူပူကြိမ်းမောင်းတာ၊ ဝေဖန်တာမျိုးတွေ မလုပ်တာ အကောင်းဆုံးပါ။ တကယ်လို့ သင်ဟာ ဥပမာ ခွေး၊ ကြောင်စတဲ့ သတ္တ၀ါလေးတွေနဲ့ ပတ်သက်လို့ အယ်လာဂျီရှိတယ်ဆိုရင် သင့်အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပေးနိုင်အောင် အိမ်အလည်မလာခင် အိမ်ရှင်ကို ကြိုပြောထားသင့်ပါတယ်။

အိပ်ခန်းတွေထဲ ချောင်းကြည့်ခြင်း

အိမ်တစ်အိမ်ထဲမှာ အိပ်ခန်းတွေဆိုတာဟာ အိမ်ရှင်တွေရဲ့သီးခြား သီးသန့်နေရာတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် အိမ်ရှင်တွေအနေနဲ့ ဧည့်သည်တွေက သူတို့အိပ်ခန်းတွေထဲ အ၀င်အထွက်လုပ်တာမျိုး စပ်စုတာမျိုးကို ကြိုက်လေ့ကြိုက်ထ မရှိပါဘူး။ အိမ်ရှင်တွေကိုယ်တိုင် လိုလိုလားလားနဲ့ သူတို့အိပ်ခန်းကို ပြသရင်တော့ ပြဿနာမရှိပါဘူး။ ဒါကြောင့် သင်ဟာ ဧည့်သည်သွားလုပ်တော့မယ်ဆိုရင် အိမ်ရှင်တွေရဲ့အိပ်ခန်းတွေနဲ့ သူတို့ရဲ့ တစ်ကိုယ်ရည်သုံးရေချိုးခန်းတွေကို အသုံးမပြုမိအောင် ရှောင်သင့်ပါတယ်။

READ
ဝင်ရိုးစွန်းအလင်းတန်းတွေကို အလှပဆုံး မြင်တွေ့နိုင်မယ့် ကမ္ဘာပေါ်က နေရာ(၅)ခု
unsplash/Kelsey Chance

မမျှော်လင့်တဲ့ ဧည့်သည်ခေါ်လာခြင်း

ဆိုလိုတာက တိရစ္ဆာန်ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ လူအနည်းငယ်ပဲဖြစ်ဖြစ် ကိုယ်နဲ့အတူ ခေါ်လာပြီး သူများအိမ်မှာ ဧည့်သည်သွားလုပ်တာမျိုးပါ။ ဒီအပြုအမူဟာ အိမ်ရှင်တွေအတွက်တော့ လက်မခံနိုင်စရာ အပြုအမူပဲ ဖြစ်ပါတယ်။ ဥပမာ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်ကို ကိုယ်နဲ့အတူ ခေါ်သွားရင်တောင်မှ အိမ်သားတွေနဲ့ ကလေးတွေအတွက် အဆင်ပြေရဲ့လားဆိုတာ အရင်ဦးဆုံး မေးသင့်ပါတယ်။ တကယ်လို့ ကိုယ်သွားမယ့် အိမ်ဟာ ပါတီပေးမယ့်အိမ် ဖြစ်ရင်တောင်မှ ကိုယ်နဲ့အတူ လူဘယ်နှစ်ယောက်ပါလာမှာဖြစ်တဲ့အကြောင်းနဲ့ အိမ်ရှင်အတွက် အဆင်ပြေရဲ့လားဆိုတာ အရင်မေးမြန်းကြည့်သင့်တဲ့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE