ပြောင်းလဲလာတဲ့ သဘာဝတရားကြီးကြောင့် မျိုးတုံးဖို့သေချာသွားပြန်ပြီဖြစ်တဲ့ တိရိစ္ဆာန်တစ်မျိုး

သြစတေးလျနိုင်ငံဟာ တိရိစ္ဆာန်မျိုးစိတ် စုံလင်စွာ တွေ့ရတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကျော်ကြားပါတယ်။ တခြားနိုင်ငံတွေမှာ မတွေ့ရတဲ့ တိရိစ္ဆာန်မျိုးတွေကိုတောင် သြစတေးလျမှာ တွေ့နိုင်ပါတယ်။ ဥပမာ – ကိုအာလာဝက်ဝံတွေပါ။ ချစ်စရာကောင်းလှတဲ့ ကိုအာလာဝက်ဝံလေးတွေက သြစီနိုင်ငံရဲ့ ဆွဲဆောင်မှုတစ်ရပ်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ ကိုအာလာဝက်ဝံတွေရဲ့ အရေအတွက်ဟာ ယခု ၂၀၁၉ မှာ အလွန်ကိုကျဆင်းသွားခဲ့ပါပြီ။ သြစတေးလျကိုအာလာဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်း ကိုအာလာအကောင်အရေအတွက် ၈ သောင်းခန့်သာ ကျန်ရှိပါတော့တယ်။ ဒါဟာ နောက်မျိုးဆက်တစ်ဆက်ကို ပွားဖို့အတွက် မလုံလောက်တော့ဘဲ မျိုးတုံးဖို့ သေချာသွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Pixabay

၂၀၁၀ ခုနှစ်ကစလို့ သြစတေးလျထဲက နယ်မြေ ၁၂၈ ခုကို စောင့်ကြည့်လေ့လာခဲ့ရာ ကိုအာလာအရေအတွက် သိသိသာသာကျဆင်းနေခဲ့ပြီး နယ်မြေ ၄၁ ခုမှာဆို လုံးဝကို မရှိတော့ဘူးလို့ ဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့ပါတယ်။ သုတေသနပညာရှင်များကတော့ ကိုအာလာတွေရဲ့ နေထိုင်ကျက်စားရာနဲ့ ရွှေ့ပြောင်းပုံတို့ကြောင့် အတိအကျ ခန့်မှန်းဖို့ မလွယ်ပေမယ့် အရေအတွက် သိသာစွာ ကျဆင်းလာတာတော့ မှန်ကြောင်း ဆိုပါတယ်။

READ
မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ သဘာဝကြီးရဲ့ 10 Year Challenge
Pixabay

၁၈၉၀ နဲ့ ၁၉၂၇ ခုနှစ်များအတွင်း ကိုအာလာ ၈ သန်းကို သားမွေးအတွက် သတ်ဖြတ်ပြီး လန်ဒန်သို့ သယ်ပို့ခဲ့တဲ့အဖြစ် ရှိခဲ့ပါသေးတယ်။ စစ်တမ်းများအရ ၂၀၁၆ ခုနှစ်မှာ သြစီနိုင်ငံအတွင်း ကိုအာလာအရေအတွက် ၁ သိန်းခွဲမှ ၆ သိန်းကြား ရှိခဲ့ပြီး ယခု ၂၀၁၉ မှာ ၈ သောင်းသာ ကျန်ရှိတော့တာပါ။ မျိုးတုံးစေတဲ့ အဓိကအကြောင်းကတော့ ရာသီဥတုပြောင်းလဲမှုတွေနဲ့ ပူပြင်းမှုကြောင့် ဖြစ်ပါတယ်။

Pixabay

၂၀၁၈ တုန်းကဆိုရင် ရေဓာတ်ကုန်ခမ်းမှုကြောင့် ကိုအာလာ ထောင်ပေါင်းများစွာ သေဆုံးခဲ့ကြရပါတယ်။ ကိုအာလာဖောင်ဒေးရှင်းရဲ့ ဥက္ကဌ Deborah Tabart ကတော့ မေလမှာ ပြုလုပ်မယ့် သြစီရွေးကောက်ပွဲအပြီး အသစ်တက်လာမယ့် ဝန်ကြီးချုပ်ကို ကိုအာလာ ကာကွယ်ရေးဥပဒေသစ် ပြဌာန်းပေးဖို့ တောင်းဆိုသွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

Ref: New.com.au

SHARE